DVB Logo
Home
မြန်မာသတင်း
ကိုပါကြီး သေဆုံးမှု မွန်နှင့်ကရင်ပြည်နယ်က သတင်းသမားအချို့ကို ခေါ်ယူမေးမြန်း
DVB
·
November 15, 2014
ကိုပါကြီး သေဆုံးမှု မွန်နှင့်ကရင်ပြည်နယ်က သတင်းသမားအချို့ကို ခေါ်ယူမေးမြန်း
Donate to DVB

အလွတ်တန်းသတင်းထောက် ကိုပါကြီး သေဆုံးမှုနဲ့ပတ်သက်ပြီး မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်က သတင်းသမားတချို့ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ခေါ်ယူမေးမြန်းခဲ့ပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က သတင်းသမားတချို့ကို မော်လမြိုင်မြို့၊ တောင်ရိုးတန်းမှာရှိတဲ့ မြန်မာ့မီးရထားရိပ်သာမှာ နိုဝင်ဘာ ၁၄ ရက်နေ့က ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပါတယ်။

[caption id="attachment_70149" align="alignright" width="434"]Ko Par Gyi06112014 ကိုပါကြီး[/caption]

မြန်မာနိုင်ငံအမျိုး သားလူ့အခွင့် အရေးကော်မ ရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က “ဒီမှာ ကိုပါကြီး သေဆုံးခဲ့တဲ့ကိစ္စနဲ့ လိုအပ်တဲ့ သက်သေခံ ချက်တွေရရှိအောင်  သူ့ကိုသိတဲ့ လူအားလုံးကို လာရောက်ပြီးတော့ သက်သေခံ ချက်ယူတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်ထိ လာရောက်ပြီး မြန်မာနိုင်ငံ အမျိုးသားလူ့အ ခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ခေါင်းဆောင်ပြီး အဖွဲ့ဝင် ဦးဇော်ဝင်းနဲ့ ဦးဉာဏ်ဇော်တို့ ပါဝင်တဲ့အဖွဲ့က အခုလို ခေါ်ယူစစ် ဆေးမေးမြန်းတာဖြစ်ပါတယ်။ ဒုတိယအကြိမ် လာရောက်စစ်ဆေးတာဖြစ်ပြီး နိုဝင်ဘာ ၂ ရက်နေ့တုန်းကလည်း ပထမအကြိမ် လာရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။

နယ်ခံသတင်းသမားတွေအပါဝင်၊ နယ်မြေခံတပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၀၈၊ ခမရ ၂၁၀ က တာဝန်ရှိတဲ့သူတွေ၊ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးတွေ၊ အုပ်ချုပ်ရေးမှူးတွေနဲ့ ကျေးရွာသားတချို့ကိုလည်း ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံသတင်းစာဆရာအသင်း-မွန်ပြည်နယ် ဥက္ကဋ္ဌ ဦးသိန်းလှိုင်က “ကျနော့်ကိုမေးတာ ကတော့ ကျနော်က သတင်းစာဆရာအသင်းဥက္ကဋ္ဌဖြစ်တဲ့အတွက် မွန်ပြည်နယ်မှာ ကိုပါကြီး သတင်းစာ ဆရာအသင်းမှာ ပါလားလို့မေးတယ်။ မွန်ပြည်နယ်မှာ မပါဘူးဆိုတာကိုတော့ ဖြေကြားပေးခဲ့တယ်။ နောက်တချက်ကတော့ ကိုပါကြီးကို ကျနော်သိလားလို့မေးတယ်။ ကျနော်ကတော့ ကိုပါကြီးကို မသိဘူးလို့ဖြေခဲ့တယ်။ ကိုပါကြီးကို သတင်းထောက်ဆိုတာ သိလားလို့မေးတော့ သိတယ်။ ဟုတ်တယ်ဆိုရင် သူရေးတဲ့သတင်းတွေ ဖတ်ဘူးလားလို့မေးတော့ အဲဒီအချိန်တုန်းကတော့ ကျနော် မဖတ်ဖူးဘူးလို့ပြောခဲ့တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒုတိယအကြိမ်အဖြစ် လာရောက်စစ်ဆေး မေးမြန်းရာမှာတော့ ဦးပါကြီးရဲ့ အသိမိတ်ဆွေ ကရင်ပြည်နယ်က အလွတ်သတင်းထောက် ကိုအောင်ပ ကိုလည်း နေ့လယ်ကတည်းကနေ ညနေအထိ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပါတယ်။

ကိုအောင်ပက “ကိုပါကြီးဟာ ကျနော်နဲ့ ရင်းနှီးတယ်။ သူကိုယ်တိုင်လည်း ရန်ကုန်တိုင်းမှာ ရေးခဲ့တဲ့သတင်းတွေကို သူ့ဖုန်းနဲ့ပြတယ်။ နောက် ဒေါက်တာ စင်သီယာမောင်ရဲ့ သတင်းဓာတ်ပုံဆုလည်း ရထားတယ်။ သူတို့က ဘယ်အချက်တွေ ခို်င်မာလို့ ဆန်းအောင်ရဲ့ PSO ပါလို့ သတင်းထုတ်ပြန်တာလဲ။ ဒါမေးစရာတွေရှိတယ်။ ကေကေအို ရဲ့ ဗိုလ်ကြီးတဲ့။  ကေကေအို ဆိုတာ လူမှုရေးအဖွဲ့လေ။  ကေကေအို ရဲ့ ဗိုလ်ကြီးဆိုတာ ဘယ်အထောက်အထားနဲ့ ပြောတာလဲ။ လူတယောက်ကို မြို့လယ်မှာဖမ်းပြီးတော့ တောထဲမှာ သေနတ်လုလို့ ပစ်လိုက်ရပါတယ်ဆိုပြီး သတင်းထုတ်ပြန်ထားသေးတယ်လေ။ နောက်ကောင်းမွန်စွာ သင်္ဂြိုဟ်တယ်ဆိုပြီး အောက်ခံဘောင်းဘီကြီးနဲ့၊ လုံချည်လည်းမပါဘူး။ ဖျာလည်းမပါဘူး။ ဘာကိုကောင်းမွန်စွာသင်္ဂြိုဟ်တာလည်း။ ဒါဟာ လူ့အခွင့် အရေး ချိုးဖော်တာပဲ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာ အစိုးရတပ်နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ အစိုးရစစ်တပ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့လို့ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံး သွားခဲ့ရပါတယ်။

သူသေဆုံးခဲ့တယ်ဆိုတာကိုတော့ မိသားစုဝင်တွေ သွားရောက်စုံစမ်းမှသာ စစ်တပ်က အသိပေးထုတ်ပြန်တာဖြစ်ပါတယ်။

အဲ့ဒီအမှုနဲ့ပက်သက်ပြီး အမှုမှန် ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံတ၀န်း မြို့ကြီးအချို့မှာ ဆန္ဒပြကန့်ကွက်ခဲ့တာတွေရှိခဲ့ပြီး သမ္မတက လူ့အခွင့်အရေး ကော်မရှင်ကို အခု ကိစ္စစုံစမ်းဖို့ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

သူ့ရုပ်အလောင်းကို နိုဝင်ဘာ ၅ ရက်နေ့က ကျိုက်မရောမြို့အနီးက ရွှေဝါချောင်ကျေးရွာနားမှာ ပြန်လည်ဖော်ယူပြီး ဆေးစစ်ချက်တွေကို ရယူခဲ့ပါသေးတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က စစ်ဆေးတွေ့ရှိချက်တွေကို သမ္မတအပါဝင်၊ သက်ဆိုင်ရာ ဌာနတွေကို ပေးပို့သွားမှာဖြစ်ပြီး အချိန်ကာလ ဘယ်လောက်ကြာမယ်ဆိုတာကိုတော့ တိတိကျကျပြောထားတာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013