
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေလမ်းပိုင်းမှာ စစ်အာဏာရှင်တပ်ရဲ့ တခုတည်း ကျန်ရှိနေတဲ့ ဝေါလေဗျူဟာနဲ့ ကာကင်းစခန်းတွေ ထပ်မံမကျဖို့ လေကြောင်းကနေ နေ့တိုင်း ခုခံကာကွယ်နေရတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
မတ် ၃၁ ရက်ကစတင်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး ကာကင်းစခန်း ၄ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရရှိထားပါတယ်။
ဆက်လက်ပြီး ဝေါလေဗျူဟာနဲ့ ကာကင်းစခန်းတွေ ထပ်မံမကျဖို့ စစ်အာဏာရှင်တပ်က လေကြောင်းကနေ နေ့တိုင်း ခုခံကာကွယ်နေရပါတယ်။
စစ်ရေးသတင်းရင်းမြစ်က “ဝေါလေကတော့ လောလောဆယ် သိမ်းလို့တော့ မရသေးဘူး။ သို့သော်လည်းပဲ ရဖို့ရာခိုင်နှုန်းက များပါပြီ၊ မကြာခင်ပေါ့။ သူတို့ဘက်က ထွက်ပြေးတာတော့ မရှိဘူး။ စခန်းထဲမှာ သေဆုံးမှုနဲ့ ဒဏ်ရာရမှုတော့ ရှိတယ်။ လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းပဲ။ Y12 မဟုတ်ရင် ဂျက်ဖိုက်တာပဲ။ မနေ့ကဆိုရင် ဂျက်ဖိုက်တာ ၆ ခေါက်၊ ၇ ခေါက်လောက်လာတယ်” လို့ ပြောပါတယ်။
ဝေါလေဗျူဟာမှာ လက်ရုံးတပ်တွေအပါအဝင် အင်အား ၁၀၀ လောက်နဲ့ မောခီးစခန်းကနေ ထွက်ပြေးလာတဲ့ တပ်ဖွဲ့ဝင် အင်အား ၆၀ လောက်နဲ့ ပူးပေါင်းထားတာပါ။
၂၀၂၅ ခုနှစ်၊ မေ ၂၇ ရက် ညနေ ၃ နာရီလောက်က ဝေါလေဗျူဟာကနေ သေ့ဘောဘိုးစခန်းကို စစ်ကူသွားတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကြောင်း ဆုံဆည်းမြိုင်ကျေးရွာမှာ ကြားဖြတ် တိုက်ခိုက်ခံခဲ့ရတာကြောင့် ဝေါလေဗျူဟာမှာ အင်အားလျော့နည်းခဲ့ပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ စခန်းသိမ်းတိုက်ပွဲအတွင်း ထိခိုက်ကျဆုံးသူတွေ ထပ်မံရှိနေတဲ့အတွက် အင်အား ၇၀ လောက်သာ ကျန်ရှိတော့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဝေါလေဗျူဟာ မကျရေး စစ်တပ်ဘက်က နေ့ည လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲ တိုက်ခိုက်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဝေါလေ၊ ထီးသဲလယ်ကျေးရွာ အပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။










