
ကာကွယ်ဆေးတွေအပေါ် သံသယရှိသူလို့ ထင်ရှားတဲ့ အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာဟာ ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အကြံပေးကော်မတီ (ACIP) အဖွဲ့ဝင် ၁၇ ယောက်စလုံးကို ဖယ်ရှားလိုက်ပါတယ်။
ကော်မတီဝင်တွေမှာ အကျိုးစီးပွားပဋိပက္ခတွေ ရှိနေတဲ့အတွက် ကာကွယ်ဆေးထိုးနှံမှုအပေါ် ယုံကြည်မှုကျဆင်းစေတဲ့ကိစ္စ ဒီလူတွေမှာ တာဝန်ရှိတယ်လို့ ဝန်ကြီးက ဝေါစထရိဂျာနယ်မှာ ဆောင်းပါးရေးသား ဝေဖန်ခဲ့ပါတယ်။
အမေရိကန်ပြည်သူတွေ ဖြစ်နိုင်သမျှ ဘေးအကင်းဆုံး ကာကွယ်ဆေးတွေ ရရှိစေဖို့ ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။
လုပ်ကြံခံခဲ့ရတဲ့ သမ္မတ ဂျွန်အက်ဖ် ကနေဒီရဲ့တူ၊ လုပ်ကြံခံခဲ့ရတဲ့ လွှတ်တော်အမတ် ရောဘတ်ကနေဒီရဲ့ သားဖြစ်သူ ရောဘတ်ကနေဒီဂျူနီယာဟာ အရင်ကတည်းက ကာကွယ်ဆေးတွေရဲ့ ဘေးကင်းမှုနဲ့ ထိရောက်မှုအပေါ် သံသယရှိသူဖြစ်ပါတယ်။
သူ့ရဲ့ ရပ်တည်ချက်အပေါ် ဆရာဝန်တွေ၊ ကျန်းမာရေးပညာရှင်တွေရဲ့ မေးခွန်းထုတ်ခံရသူလည်း ဖြစ်ပါတယ်။
ဝန်ကြီးအဖြစ် မခန့်အပ်မီ လွှတ်တော်ကြားနာမှုမှာတော့ ကာကွယ်ဆေးတွေ ဖယ်ရှားလို့ မဖြစ်ကြောင်း ကတိပေးထားပါတယ်။
ကော်မတီဝင် ၁၇ ယောက်မှာ ၈ ယောက်ဟာ သမ္မတ ဂျိုးဘိုင်ဒင် ရာထူးက မဆင်းခင် ၂၀၂၅ ဇန်နဝါရီကမှ ခန့်အပ်ခဲ့သူတွေ ဖြစ်ပါတယ်။
အဖွဲ့ဝင်အများစုဟာ နာမည်ကြီးတက္ကသိုလ်တွေရဲ့ ဆေးဌာနတွေက ဆရာဝန်ကြီးတွေ၊ ပညာရှင်တွေ ဖြစ်ပါတယ်။
ဒီကော်မတီဝင်တွေမှာ အကျိုးစီးပွားပဋိပက္ခတွေနဲ့ ပြည့်နေပြီး ဘယ်ကာကွယ်ဆေးမဆို ခွင့်ပြုပေးနေတဲ့ အဖွဲ့တခုထက် မပိုဘူးလို့ ဆောင်းပါးရေးသားထားပါတယ်။
အဖွဲ့ဝင်အများစုဟာ ကာကွယ်ဆေးတွေ စျေးကွက်တင်နေတဲ့ ဆေးဝါးကုမ္ပဏီကြီးတွေကနေ ရန်ပုံငွေ အမြောက်အမြား ရရှိထားတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
Source: Reuters