
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းကို စစ်ကောင်စီတပ်က ဇွန် ၉ ရက် မနက် ၅ နာရီ ၃၁ မိနစ်မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ဈေးဝယ်လာသူ အမျိုးသမီး ၁ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖက သိရပါတယ်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ကျည်တောက်ပေါက်ရွာ ဆေးရုံဝင်းထဲကို ပေါင် ၂၅၀ ဗုံးနဲ့ ဗုံးကြဲခဲ့တာကြောင့် အဆောက်အအုံလည်း ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။
“စစ်ကောင်စီတပ်က နိုင်ငံတကာ အမြင်မှာသာ သူတို့ဘက်က အပစ်အခတ် ရပ်စဲကြောင်း ကြေညာတယ်၊ တကယ်တမ်း အပစ်အခတ် မရပ်စဲဘူး၊ အဓိကမချသင့်တဲ့ နေရာတွေ ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်းတွေ၊ ဒီနေရာတွေမှာ ပြည်သူတွေပဲ ရှိတာ၊ သူတို့ရည်ရွယ်ချက်က ပြည်သူတွေကို သေစေချင်တယ်။”
စစ်ကောင်စီတပ် ဗုံးကြဲတဲ့ ဆေးရုံဝင်းမှာ ပြည်သူတွေ ဆေးကုသမှု မရှိဘဲ ဈေးလာဝယ်တဲ့ အမျိုးသမီးတွေ သေဆုံးဒဏ်ရာရခဲ့တာလို့ သိရပါတယ်။
ဗုံးစထိမှန်မှုကြောင့် အမျိုးသမီးတယောက် သေဆုံး၊ တယောက် လက်ဖြတ်ရပြီး ကျန် ၂ ယောက် ပေါင်မှာ ထိမှန်ဒဏ်ရာရခဲ့တာပါ။
စဥ့်ကူးမြို့နယ် ကြို့ပင်ရွာကိုလည်း စစ်တပ်က ဇွန် ၇ ရက်မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် ပြည်သူတယောက် သေဆုံးခဲ့ပါတယ်။