
ရခိုင်ပြည်နယ် သံတွဲမြို့နယ်ကို စစ်ကောင်စီက ဇွန် ၇ ရက် ညနေမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၄ ယောက်သေဆုံးပြီး ၁၀ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဇွန်လ ၇ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ကျောက်ကြီးရွာက စာသင်ကျောင်း၊ ပုဇွန်ဖြေရွာက စာသင်ကျောင်းနဲ့ သံတွဲမြို့က စစ်ကောင်စီတပ်သားစုဆောင်းရေးရုံးတို့ကို တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်ခဲ့တာ။ ကျောက်ကြီးကျောင်းမှာ စစ်ဘေးရှောင်နေကြတဲ့ မောင်ရွှေလေးရွာက အမျိုးသမီးတဦးနဲ့ ဆင်ဒင်ကြီးရွာက စစ်ဘေးရှောင် ၃ ဦးနေရာမှာတင် ဆုံးသွားတယ်။ ကျန် ၁၀ ယောက်လည်း ဒဏ်ရာ အပြင်းအထန်ရသွားတယ်။ လောလောဆယ်တော့ ဆေးကုသမှုခံယူနေကြရတယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေမှာ မောင်ရွှေလေးရွာက ဒေါ်မပု (၄၈ နှစ်)၊ ဆင်ဒင်ကြီးရွာက ဦးထွန်းထွန်းဝင်း (၄၂ နှစ်)၊ ဒေါ်နှင်းဝေခိုင် (၄၃ နှစ်) နဲ့ မဧပြီမိုး (၁၂ နှစ်) တို့ ဖြစ်ကြပါတယ်။
စစ်ကောင်စီက ဇွန် ၇ ရက်နေ့၊ ည ၁၀ နာရီ ၁၅ မိနစ်မှာ ဂျက်ဖိုက်တာ တစီးနဲ့ ကျောက်ကြီးရွာ စာသင်ကျောင်းအနီးကို ဗုံးတလုံး၊ ည ၁၀ နာရီ ၂၅ မိနစ်အချိန်လောက်မှာ ကျောက်ကြီးရွာ စာသင်ကျောင်းဝင်းအတွင်းကို ၁ လုံး စုစုပေါင်း ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို ကျောက်ကြီးရွာ ဒေသခံတယောက်က ပြောပါတယ်။
ဒ့ါအပြင် ဇွန်လ ၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်လောက်ကလည်း ပုစွန်ဖြေရွာ စာသင်ကျောင်းကို စစ်ကောင်စီ လေကြောင်းကနေ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒီနေ့ ည ၁၀ နာရီ ၄၀ မိနစ်အချိန်မှာပဲ သံတွဲမြို အမှတ်(၈/က) ရပ်ကွက် (၆) လမ်းနဲ့ (၇) လမ်း ကြားရှိ စစ်ကောင်စီ စုဆောင်းရေးရုံးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ တစီးနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီက တိုက်ပွဲမရှိဘဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ အရပ်သားပစ်မှတ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာလို့ သံတွဲမြို့နယ်နေ လူငယ်တယောက်က ပြောပါတယ်။
“သံတွဲမှာ ဘာစစ်ရေးနဲ့ မဆိုင်တဲ့ နေရာတွေပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာ။ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ တော်တော်လေးကို လူမဆန်တဲ့ လုပ်ရပ်ပဲ။ ဒီဟာက စစ်ရာဇဝတ်မှုကို ကျူးလွန်တာ” လို့ ပြောပါတယ်။
သံတွဲမြို့ကို အာရက္ခတပ်တော်က စက်တင်ဘာ ၅ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်နေပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်မှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုအထိ သိမ်းပိုက်ထားပြီး ကျောက်ဖြူ၊ ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတို့မှာ တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။