
ကရင်နီပြည်နယ်မှာ မိုးတွင်းကာလမှာ စစ်အာဏာရှင်တပ်ရဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်တွေဟာ အတည်တကျမရှိဘဲ စခန်းတခုကနေတခု ချက်ချင်းရွှေ့ပြောင်းရတဲ့ ဒုက္ခတွေကို အကြိမ်ကြိမ် ရင်ဆိုင်နေကြရပါတယ်။
ကရင်နီပြည်နယ် ဝင်ပေါက်ဖြစ်တဲ့ ဖယ်ခုံ၊ မိုးဗြဲ အနောက်ဘက်ခြမ်းနဲ့ ပင်လောင်းဘက်တွေမှာ စစ်တပ်ဘက်က လူအင်အားတိုးချဲ့ လှုပ်ရှားမှုတွေ ရှိနေပါတယ်။
စစ်ရေးအရ မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို ကားလမ်းမကြီးကို ထိန်းချုပ်ဖို့ စစ်တပ်က ကြိုးစားနေတာဖြစ်သလို တဖက်မှာလည်း စစ်ရေးပစ်မှတ် မဟုတ်တဲ့ စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ပိုလုပ်ဆောင်နေတယ်လို့ မြေပြင်စစ်ရေးရင်းမြစ်တွေက ဆိုပါတယ်။
ဒီလုပ်ရပ်တွေဟာ စစ်ရှောင်ပြည်သူတွေကို တောထဲ တောင်ထဲမှာ ခဏခဏပြေးလွှား နေရာရွှေ့ခိုင်းပြီး စိတ်ဓာတ်ကျအောင် စစ်ရေးအရ တမင်ဖိအားပေးတာဖြစ်ပြီးတော့ သူတို့ထိန်းချုပ်ထားတဲ့ မြို့ပေါ်ရပ်ကွက်တွေမှာ ပြန်လာနေထိုင်ဖို့ တွန်းအားပေးတဲ့စနစ်ကို ဗျူဟာမြောက် သုံးစွဲနေတယ်လို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထောက်ပြထားပါတယ်။
IEC အတွင်းရေးမှူး ၂ ဗညားခွန်အောင်က “ကျနော်တို့ရဲ့ တချို့ကြားတဲ့ သတင်းအချက်အလက်ကတော့ ဖိအားပေးပြီးတော့မှ နယ်မြေစိုးမိုးရေး တချို့ ပြန်လုပ်မယ်။ လူထုတွေကို သူတို့ရဲ့ အုပ်ချုပ်နေတဲ့ အခု ဖယ်ခုံမြို့နယ်၊ ဖယ်ခုံမြို့ပေါ်နဲ့ တချို့ မိုးဗြဲ ရပ်ကွက်မှာ ပြန်နေနိုင်အောင်ပေါ့နော် ဆိုပြီးတော့မှ အဲဒီလိုမျိုး အစီအစဉ်တွေ ရှိတယ်လို့ ကျနော်တို့ သိထားတာ ရှိပါတယ်။ တချို့စစ်ရှောင်ဆိုရင် နေရာ ၂ နေရာ ၃ နေရာလောက် ပြောင်းသွားရပြီလေ။ အဲဒီလိုမျိုးဆို ပိုပြီးခက်ခဲတယ်။ ဘာလို့လဲဆို ဒီ စစ်ရေးအရ ဖိအားပေးပြီးတော့မှ လူထုတွေကို ဖိအားပေးတဲ့ စနစ်ပုံစံမျိုးပေါ့နော်။ ဒီ တောထဲ တောင်ထဲမှာ ဆက်နေရင် သူတို့ ခဏခဏ ထွက်ပြေးရ၊ နေရာရွှေ့ရ၊ စစ်ဘေးရှောင်ရတာက စိတ်ဓာတ်ကျတယ်”လို့ ပြောပါတယ်။
နေရာခဏခဏပြောင်းနေရတဲ့အတွက် စစ်ရှောင်တွေမှာ မိုးရာသီအမိုးအကာနဲ့ ဆေးပေးခန်း လိုအပ်ချက်တွေ ပိုများလာနေပါတယ်။
ဒါ့အပြင် မိုးရာသီအတွင်း တမြို့နဲ့တမြို့ တနေရာနဲ့တနေရာဆက်သွယ်ထားတဲ့ ကားလမ်းအများစုဟာလည်းပျက်စီးနေတဲ့အတွက် စစ်ရှောင်စခန်းတွေဆီ ရေသန့်မရောက်လို့ ချက်ပြုတ်စားသောက်ရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး ကျန်းမာရေးပြဿနာတွေ ကြုံနေရတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) တာဝန်ရှိသူတယောက်က DVB ကိုပြောပါတယ်။
“မြေပြင်မှာကတော့ ဒီ စစ်ကြောင်းထိုးမှု အခြေအနေတွေ မရှိပေမဲ့လည်း စစ်ကောင်စီဘက်ကနေတော့ နေ့စဉ်နှင့်အမျှ လက်နက်ကြီးတွေ၊ လေယာဉ်တွေ၊ အဆိပ်ဒရုန်းတွေကို ပစ်လွှတ်တဲ့ဟာမျိုးတွေကတော့ ရှိနေတယ်ပေါ့နော်။ အခုလက်ရှိကတော့ ဒီ မိုးတွင်းကာလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ စားနပ်ရိက္ခာနဲ့ ဒီကုန်သွယ်ရေးကိစ္စရပ်မှာ ခရီးသွားလာမှုနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး လမ်းခရီးဆိုးနေတဲ့ အခြေအနေတွေ ဖြစ်တယ်။”
အာဏာသိမ်း ၅ နှစ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂ သိန်းခွဲလောက်အထိ တိုးလာနေတဲ့ ကရင်နီပြည်နယ်မှာ အခုလို မိုးရာသီကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တာ၊ လယ်ယာစိုက်ပျိုးရေး မလုပ်နိုင်တာတွေနဲ့အတူ ရေရှည်ရပ်တည်ရေးအတွက် အကျပ်အတည်းတွေဟာ နေ့စဉ်နဲ့ အမျှ ပိုမိုကြီးထွားလာနေပါတယ်။
ကရင်နီအရပ်ဘက်အဖွဲ့အစည်းတွေကတော့ လာမဲ့ ၂၀၂၇မှာ ကရင်နီပြည်နယ်ဟာ အငတ်ဘေးဆိုက်မဲ့ဘေးနဲ့ ကြုံတွေ့ရနိုင်တယ်လို့ သတိပေးထားတာတွေလည်း ရှိနေပါတယ်။










