
အစ္စရေးစစ်တပ်က ဂါဇာမြို့မှာရှိတဲ့ ဟားမတ်စ်အဖွဲ့ခေါင်းဆောင် မိုဟမ်မဒ် ဆင်ဝါရဲ့ အလောင်းကို ပြန်ရခဲ့တဲ့နေရာလို့ပြောတဲ့ ဥရောပဆေးရုံအောက်က ဥမင်လိုဏ်ခေါင်းတခုဆီ နိုင်ငံခြားသတင်းထောက်အဖွဲ့တဖွဲ့ကို ဇွန် ၈ ရက်က စေလွှတ်ခဲ့ပါတယ်။
အစ္စရေးကာကွယ်ရေးတပ် (IDF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီ ဒပ်ဖရင်က ဒီဥမင်ဟာ ဟားမတ်စ်အတွက် အဓိကကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဝင်းတခုဖြစ်ခဲ့ပြီး ဥမင်ကို ပြီးခဲ့တဲ့လက စစ်ဆင်ရေးတခုအတွင်း အစ္စရေးတပ်ဖွဲ့တွေက ပစ်မှတ်ထားခဲ့တယ်လို့ ပြောပါတယ်။
နောက်ထပ် ဟားမတ်စ် အကြီးတန်းခေါင်းဆောင် ရာဖာအခြေစိုက် တပ်မဟာမှူး မိုဟမ်မဒ် ရှာဘာနာကိုလည်း အခင်းဖြစ်တဲ့နေရာမှာ သေဆုံးလျက်တွေ့ရပြီး တခြား စစ်သွေးကြွ အများအပြားကိုလည်း ဖော်ထုတ်နေဆဲလို့ ဒပ်ဖရင်က ပြောပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ဆင်ဝါ သေဆုံးကြောင်းကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပေမဲ့ ခုအချိန်မှာ DNA အရ သူဖြစ်တာ သံသယရှိစရာ မလိုတဲ့အကြောင်း သက်သေပြခဲ့ပြီလို့ ဒပ်ဖရင်က ဆက်ပြောပါတယ်။
“ဒါဟာ အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုတာ၊ အရပ်ဘက် အခြေခံ အဆောက်အအုံတွေ၊ ဆေးရုံတွေကို အထပ်ထပ်သုံးပြီး ဟားမတ်စ်ရဲ့ ရက်စက်တဲ့အသုံးပြုမှုရဲ့ နောက်ထပ်ဥပမာတခုပါပဲ။”
ဆင်ဝါဟာ ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ကွယ်လွန်သူ ယာယာ ဆင်ဝါရဲ့ ညီအစ်ကိုဖြစ်ပြီး အစ္စရေးအပေါ် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို ထိန်းကျောင်းသူဖြစ်ပါတယ်။
ခန်းယူနစ်မြို့ဆီ အစ္စရေးစစ်ကားတွေနဲ့ မောင်းလာချိန်မှာ မရေမတွက်နိုင်တဲ့ အပျက်အစီးတွေ ပြိုကျနေတဲ့ အဆောက်အအုံတွေ အများအပြားကို တွေ့ရပါတယ်။
စစ်ပွဲအတွင်း ဟားမတ်စ်တွေက တိုက်ခိုက်ရေးသမားတွေကို ဖုံးကွယ်ဖို့နဲ့ ကြိုးကိုင်စစ်ဆင်ရေးတွေကို ဆောင်ရွက်ဖို့ ဆေးရုံအများအပြားကို သုံးတယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲရင်း စစ်ပွဲအတွင်း ဆေးရုံအများအပြားကို ဝင်ရောက်စီးနင်း ဝိုင်းရံထားခဲ့ပါတယ်။
စွဲချက်ကို ဟားမတ်စ်က အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ အစ္စရေးက တချို့ကိစ္စရပ်တွေမှာ သက်သေအထောက်အထားတွေကို တင်ပြခဲ့ပေမဲ့ ပြောဆိုချက်တချို့ကို အတည်မပြုနိုင်သေးပါဘူး။
ဥမင်ကိုရှာတဲ့အချိန်မှာ အစ္စရေးတပ်ဖွဲ့ဝင်တွေက လက်နက်သိုလှောင်ရုံတွေ၊ ခဲယမ်းမီးကျောက်တွေ၊ ငွေသားတွေနဲ့ စာရွက်စာတမ်းတွေကို ရှာတွေ့ခဲ့ပြီး ထောက်လှမ်းရေးတန်ဖိုးအတွက် ပြန်သုံးသပ်နေတယ်လို့ ဒပ်ဖရင်က ပြောခဲ့ပါတယ်။
Source: Reuters