DVB Logo
Home
မြန်မာသတင်း
မတော်တဆကျည်သင့်မှုကြောင့် ကျားဖြူပါတီဝင်သေဆုံးဟု ရဲတပ်ဖွဲ့ပြော
DVB
·
November 15, 2014
မတော်တဆကျည်သင့်မှုကြောင့် ကျားဖြူပါတီဝင်သေဆုံးဟု ရဲတပ်ဖွဲ့ပြော
Donate to DVB

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ဟိုပုံးမြို့နယ်ရဲ့ ကျားဖြူပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းရွှေ နယ်မြေခံ ရဲတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့တာဟာ တမင်ရည်ရွယ်တာမဟုတ်ဘဲ ခြောက်လှန့်ပစ်ခတ်ရာက မတော်တဆထိမှန်သွားတာလို့  ဟိုပုံးရဲတပ်ဖွဲက ပြောပါတယ်။

ဦးစိုင်းရွှေဟာ ပြီးခဲ့တဲ့ ဇွန်လက  မိုင်းပျဉ်းကျေးရွာအုပ်စု အန်အယ်လ်ဒီ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်း အသတ်ခံရတဲ့ကိစ္စမှာ သံသယအဖြစ်ဆုံးလူအဖြစ် ရဲတပ်ဖွဲ့က စုံစမ်းသိရှိရတဲ့အတွက် သွားရောက်စစ်မေးရင်း မတော်တဆကျည်သင့်သေဆုံးခဲ့ တာလို့ ဟိုပုန်းမြို့မရဲစခန်းက တာဝန်ကျ ဒုရဲအုပ် ကျော်မင်းစိုးက ဒီဗွီဘီကို ပြောပါတယ်။

“ရဲတပ်ဖွဲ့ကျည်သင့်ပြီး သေဆုံးသွားတဲ့ ဦးစိုင်းရွှေ နဲ့ ဇွန်လက အသတ်ခံခဲ့ရတဲ့ မိုင်းပျဉ်းရွာ အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းတို့ဟာ နဂိုကတည်းက မသင့်မြတ်မှုတွေရှိခဲ့ပါတယ်ခင်ဗျ။ မြေကွက်ပြဿနာတွေရှိတယ်။ ပြီးတော့ ရွာသားတွေလည်း တိုင်တန်းထားတာရှိတယ်။ အဲဒါစစ်ဆေးမေးမြန်းဖို့ ကျနော်တို့က သူ့ကို အကြိမ်ကြိမ်စာပို့ပြီး ခေါ်တာ။ သူကရောက်မလာဘူး။ အဲဒါ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၂ ရက်နေ့တုန်းက သူ့အိမ်ကိုလိုက်သွားတယ်။ သူက အိမ်နောက်ဘက်ထွက်ပြေးတယ်။ စခန်းမှူး စိုင်းနော်ခမ်းလွင်က ခြိမ်းခြောက်ပစ်ခတ်တာ သူ့ကိုထိသွားတယ်။ ရဲတပ်ဖွဲ့ကပဲ သူ့ကို တောင်ကြီးဆေးရုံကို ခေါ်ခဲ့တယ်။ လမ်းခရီးကလည်း ၁ နာရီခွဲ၊ ၂ နာရီနီးပါကြာတဲ့အတွက် ဆေးရုံရောက်ပြီး မကြာခင်သေဆုံးပါတယ်ခင်ဗျ။”

ဒီအမှုကို ဟိုပုံးရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး စစ်ဆေးရေးခုံရုံးအဖွဲ့ရှိကြောင်း၊ ဘယ်သူ့ကို ဘယ်လို အရေးယူဆောင်ရွက်မလဲဆိုတာတော့ ခုံရုံးနဲ့တရားရုံးအဆုံးအဖြတ်ပေါ် မူတည်တယ်လို့ ဒုရဲအုပ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ) ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းမောင်တင်က “ဒီအမှုက  ကျန်ရစ်သူမိသားစုရော၊ မျက်မြင်သက်သေ ရွာသားအများစုကပါ တမင်ပစ်သတ်တယ်လို့ပဲ ပြောတယ်ခင်ဗျ။ တရားမျှတမှုရဖို့လည်း ကျနော်တို့ပါတီကို လာတိုင်ထားတယ်။ ကျနော်တို့ကလည်း အမှုမှန်ဖော်ထုတ်ပေးဖို့  အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက သက်ဆိုင်ရာရဲစခန်းကိုရော၊ ပြည်နယ် အစိုးရထိပါ စာတင်ထားပေမယ့် ဘာမှဆောင်ရွက်ပေးတာမရှိသေးဘူး။ နိုဝင်ဘာလကုန်ထိ ဘာမှမထူးခြားရင် ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဆန္ဒသဘောထား ဖော်ထုတ်သွားဖို့ စီစဉ်ထားပါတယ်” လို့ ပြောပါတယ်။

ပြည်သူ့အသက်အိုးအိမ်ကို ကာကွယ်ပေးရမယ့် ရဲတပ်ဖွဲ့ဟာ သံသယရှိသူမှာ ပြစ်ဒဏ်ထင်ရှားရင် တရားဥပဒေကြောင်းအရပဲ  အရေးယူသင့်ပြီး  ခုလို ပစ်ခတ်မှု၊ သေကျေမှုတွေ ဖြစ်ရတာဟာ ဥပဒေစိုးမိုးမှုမရှိကြောင်း ပြသရာရောက်တယ်လို့ ဦးစိုင်းမောင်တင်က ပြောပါတယ်။

အန်အယ်လ်ဒီ ရပ်ကျေး ဒုဥက္ကဋ္ဌ  ဦးစိုင်းစံထွန်းဟာ ပြီးခဲ့တဲ့ ဇွန်လဆန်းက အမည်မသိ လူ ၂ ဦးက နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားခဲ့ပြီး ရွာနောက်ဘက် နွားစားကျက်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို ပြန်လည်တွေ့ရှိခဲ့ရတာပါ။ သူဟာ ဒေသတွင်းမှာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် တက်တက်ကြွကြွ ဆောင်ရွက်နေသူတဦးလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013