
ဂါဇာကမ်းမြောင် ရေလမ်းကြောင်းအဝင် ပိတ်ဆို့ထားမှုကို ချိုးဖျက်ဖို့ ရည်ရွယ်တဲ့ အကူအညီပေးရေး ရွက်လှေတစင်းကို အစ္စရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်း ဟန့်တားခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုံ့ဆော်သူ ဂရီသာသန်းဘာ့ဂျ် အပါအဝင် အဖွဲ့ဝင် ၁၂ ယောက်ပါတဲ့ လှေကို အစ္စရေးစစ်တပ်က ထိန်းချုပ်လိုက်အပြီးမှာ အစ္စရေးဆိပ်ကမ်းတခုဆီကို ဦးတည်သွားပြီလို့ သိရပါတယ်။
ဆယ်လီတွေရဲ့ ဆဲလ်ဖီရွက်လှေဟာ အစ္စရေးကမ်းရိုးတန်းဆီကို ဘေးကင်းရန်ကင်း ထွက်ခွာသွားပြီလို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်မှာ လှောင်ပြောင်ရေးသားခဲ့ပါတယ်။
နာမည်ကျော်တွေပါဝင်တဲ့ ဒီရွက်လှေဟာ “ဆဲလ်ဖီ” ဓာတ်ပုံရိုက်ပြီး ဟန်ရေးပြဖို့သက်သက် ရွက်လွှင့်လာခဲ့တာလို့ အစ္စရေးဘက်က ခနဲ့တာ ဖြစ်ပါတယ်။
“ခရီးသည်တွေဟာ သူတို့မိခင်နိုင်ငံတွေကို ပြန်ဖို့ မျှော်လင့်ထားပြီး ရှိုးပွဲကြီး ပြီးသွားပြီ” လို့ပါ ရေးသားပါတယ်။
ညအချိန် အစ္စရေးတပ်ဖွဲ့တွေက လှေကို ဝင်စီးအပြီးမှာ လှေပေါ်ပါလာသူတွေကို ဆင်းဒ်ဝစ်ချ်တွေနဲ့ ရေသန့်ဘူးတွေ ဝေပေးနေပုံ ဗီဒီယိုကို ဇွန် ၉ ရက်မှာ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဗြိတိန်အလံလွှင့်ထားတဲ့ ရွက်လှေ မက်ဒလင်းကို ပါလက်စတိုင်းအရေး လိုလားတဲ့ ဖရီးဒမ်း ဖလော်တီလာ ညွန့်ပေါင်း (FFC) က စီစဉ်တာဖြစ်ပါတယ်။
လှေငယ်နဲ့ သယ်ယူလာတဲ့ အကူအညီပမာဏဟာ မပြောပလောက်ပေမဲ့ သင်္ကေတသဘော ဆောင်ပါတယ်။
ဂါဇာကို အကူအညီတွေ ဝင်ရောက်ခွင့် ပိတ်ခံထားရတာနဲ့ လူသားချင်းစာနာမှု အကျပ်အတည်း ဖြစ်နေတာကို ကမ္ဘာက သတိပြုမိဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
Source: Reuters