
ဒေသခံတယောက်က “ရွာထဲမှာနေတဲ့ အမျိုးသမီးတယောက်လည်း သေတယ်။ လူနေအိမ်တွေလည်း ပျက်စီးတယ်။ ကိုယ့်ရွာ ကိုယ့်အိမ်ထဲနေရတာကိုတောင် မလုံခြုံတဲ့ဘဝတွေဖြစ်နေရတယ်။ ဘယ်သူမှ မကူညီနိုင်ကြတော့ဘူးလား။ စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတိုင်း သေဆုံးနေကြရတဲ့သူတွေက ဘာနိုင်ငံရေးမှ နားမလည်ကြတဲ့သူတွေပဲ သေနေကြရတယ်။ ပြည်သူကတော့ နှစ်ဖက် ကြောက်နေကြရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီဟာ ဇွန် ၁ ရက်နေ့နဲ့ ၃ ရက်နေ့ကလည်း စဉ့်ကူးမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စဉ့်ကူး ပကဖ တာဝန်ရှိသူတယောက်က “ရန်သူက ရန်သူပီသအောင်လုပ်နေတာလို့ပဲ ပြောရမယ်။ မြေပြင်တိုက်ပွဲမရှိလည်း ပြည်သူကို ကြောက်လန့်သွားအောင် အကြောက်တရားသွင်းနေတာဗျ။ တိုက်ပွဲမဖြစ်လည်း သူတို့က လေယာဉ်နဲ့ ကြဲမယ်။ ကိုယ့်ပြည်သူတွေအနေနဲ့ကလည်း ဒီလိုအချိန်မှာ အသိ၊ သတိနဲ့ နေထိုင်ကြဖို့ လိုလိမ့်မယ်ဗျ။ ဘယ်ရွာကိုမကြဲဘူး၊ ဘယ်ရွာကိုကြဲမယ်ဆိုတာ အတိအကျ ဘယ်သူမှမသိရဘူး။ လေယာဉ်သံကြားတာနဲ့ လုံခြုံတဲ့ဗုံးခိုကျင်းထဲမှာ နေကြဖို့ရာလည်း ကျနော့်ဘက်က အကြံပြုပါရစေလို့ပဲ ပြောချင်ပါတယ်။ အခုလို အပြစ်မဲ့ရွာသားတွေ သေတိုင်း ကျနော်တို့အနေနဲ့ များစွာစိတ်မကောင်းဖြစ်ရပါတယ်” လို့ ပြောပါတယ်။
စဉ့်ကူးမြို့နယ်၊ ကြို့ပင်ရွာကို စစ်တပ်က ၂၀၂၅ ခုနှစ် မေ ၇ ရက်ညပိုင်းကလည်း ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသား ၁ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။