DVB Logo
Home
မြန်မာသတင်း
စပါးအသင်းသားများ လက်မှတ်ပါဂျာစီကို မြန်မာ့ငလျင်ဘေး ကူညီရန် လေလံတင်နေ
DVB
·
June 8, 2025
စပါးအသင်းသားများ လက်မှတ်ပါဂျာစီကို မြန်မာ့ငလျင်ဘေး ကူညီရန် လေလံတင်နေ
Donate to DVB

မြန်မာငလျင်အတွက် အလှူရန်ပုံငွေရှာနိုင်ဖို့ စပါးအသင်းသားတွေ လက်မှတ်ထိုးထားတဲ့ ဂျာစီကို ကျပ်သိန်း ၈၀ နဲ့ လေလံတင်နေပြီဖြစ်ပါတယ်။

စပါးအသင်း ကစားသမား ၁၁ ယောက်ရဲ့ လက်မှတ်ပါဝင်တဲ့ ဂျာစီကို တော့တင်ဟမ်ဟော့စပါး မြန်မာပရိသတ်အဖွဲ့က ဦးဆောင်ပြီး ဇွန် ၇ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ လေလံကာလ သတ်မှတ်ထားပါတယ်။

ကြမ်းခင်းဈေး ကျပ် သိန်း ၈၀၊ တခါတိုးရင် ၅ သိန်းကျပ် သတ်မှတ်ထားပြီး အပြတ်ဝယ်မယ် ဆိုရင်တော့ ကျပ်သိန်း ၁၅၀ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါး မြန်မာပရိသတ်အဖွဲ့ တာဝန်ရှိသူတယောက်က “လေလံအောင်ပြီး ရလာတဲ့ငွေတွေကို Clean Yangon ကို တိုက်ရိုက်လှူသွားမှာဖြစ်ပါတယ်။ အသင်းဘက်က ရည်ရွယ်ထားတယ့်အတိုင်း ငလျင်ဘေးမှာ ကြုံတွေ့ခံစားခဲ့ရတဲ့ နစ်နာသူတွေရဲ့ ပြန်လည်ထူထောင်ရေးမှာ အသုံးပြုသွားဖို့ပါ။ ရငွေတွေကိုလည်း လေလံပိတ်ပြီးတာနဲ့ တပြိုင်တည်း ကြေညာပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ မြန်မာပရိသတ်ဖြစ်တဲ့ ကိုသီဟမောင်မောင်ကို မတ် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့် နစ်နာခဲ့သူတွေကို အကူအညီပေးနိုင်ဖို့အတွက် စပါးအသင်းသားတွေ လက်မှတ်ထိုးထားတဲ့ ဂျာစီ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ကိုသီဟမောင်မောင် “ပထမဆုံးအနေနဲ့ ကျနော် တော့တင်ဟမ်ဟော့စပါးအဖွဲ့ကို အီးမေးလ် ပို့ပြီးတော့ မြန်မာနိုင်ငံအတွက်ကို ဆုတောင်းစကားပဲ ဖြစ်ဖြစ်၊ ကျနော်တို့ တခုပဲဖြစ်ဖြစ် တွစ်တာစာမျက်နှာပဲ ဖြစ်ဖြစ်၊ သူတို့ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာပဲဖြစ်ဖြစ်၊ ကျနော်တို့ကို တခုခု Wish လုပ်ပေးဖို့၊ သိတဲ့အတိုင်း ကျနော်တို့ မြန်မာနိုင်ငံက ဘောလုံးပရိသတ်က တအားများတယ် ဆိုတော့ ဒီလိုမျိုး ကျနော်တို့ အခြေအနေတွေမှာဆိုရင် အသင်းကြီးတသင်းကပဲ ဖြစ်ဖြစ် ဘယ်အသင်းကပဲ ဖြစ်ဖြစ်၊ ကိုယ့်မြန်မာနိုင်ငံအတွက် တခုခု ကြည့်မယ်ဆိုရင်တော့ စိတ်ချမ်းသာမယ်လို့ ကိုယ်တွေ မျှော်မှန်းတဲ့အတွက် တထောင့်တနေရာကနေ စိတ်အဆင်ပြေသွားမယ်လို့ မျှော်လင့်တဲ့အတွက် သူတို့ကို အီးမေးလ်နဲ့ request အရင်လှမ်းလုပ်တယ်။ သူတို့ အဲဒါနဲ့ပတ်သက်ပြီးတော့ အိုကေ ဒါဆိုရင်တော့ သူတို့ လုပ်ပေးမယ် ဆိုပြီးတော့ မှတ်မှတ်ရရပဲ ကျနော်တို့ ငလျင်လှုပ်ပြီးတဲ့ ညနေမှာပဲ၊ သူတို့ ချက်ချင်း ဆိုသလို မန်ချက်စတာယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ်တို့ပြီးရင် တတိယမြောက်အနေနဲ့ စပါးဘက်ကနေ စတင်ပြီး wish လုပ်လာတယ်” လို့ ပြောပါတယ်။

အဲဒီနောက်မှာ မြန်မာငလျင်နဲ့ပတ်သက်ပြီး ဘာလုပ်ပေးမလဲလို့ ထပ်မေးလာတာကနေ လက်မှတ်ထိုးထားတဲ့ ဂျာစီရလာခဲ့တာလို့ သူက ဆက်ပြောပါတယ်။

“၂ ပတ်လောက် ၃ ပတ်လောက် ကြာတဲ့အချိန်မှာမှ ကျနော့်ကို သူတို့က အီးမေးလ် ပို့လာတယ်၊ စပါးအသင်းအနေနဲ့ ဘာလုပ်ပေးရမလဲပေါ့နော်၊ ငါတို့အနေနဲ့ အကယ်၍များ မင်းတို့ကို အင်္ကျီများ ပို့ပေးခဲ့ရင် အဲအင်္ကျီနဲ့တဆင့် လေလံပြန်တင်ပြီးတော့ တခုခုလုပ်မယ်ဆိုရင် ကူညီခွင့်ရနိုင်မလား ဆိုပြီး သူတို့အနေနဲ့ အီးမေးလ်ပို့လာခဲ့တဲ့အချိန်မှာ ကျနော် တော်တော်လေးကို surprise ဖြစ်သွားတယ်။ ဒီအင်္ကျီက စပါးပရိသတ်တယောက်အနေနဲ့ ဘယ်လောက်ထိ ထူးခြားလဲဆိုတော့ ကျနော်တို့အသင်းက ၁၇ နှစ်အကြာမှာ ဖလားပြန်ရခဲ့တယ်။ ဒါ့အပြင် ကျနော်တို့ သိကြတဲ့အတိုင်းပဲ ဥရောပဆိုရင်တော့ နှစ် ၄၀ ကျော်ကြာမှ ဥရောပဖလားကို ပြန်လည်ပြီးရခဲ့တဲ့ အချိန်မှာလည်း ဒီလို ငလျင်ဘေးကို သူတို့ပေးတဲ့အချိန် ဂျာစီနဲ့ဆိုရင် ကျနော်တို့အနေနဲ့ ကွက်တိပိုကျပြီး အမှတ်တရ ပိုဖြစ်သွားတယ်လို့ပဲ ပြောရမှာပေါ့နော်။ အဓိကကတော့ ဒီနေရာမှာ ဘာလို့ ထူးခြားသွားလဲဆိုတော့ အခုလက်ရှိမှာ ဘောလုံးပရိသတ်တွေက အကုန်လုံး တော်တော်လေးကို ချစ်တဲ့ ကစားသမားတယောက်ဖြစ်တဲ့ ဆွန်ဟောင်မင်ပေါ့နော်၊ ဒါကျနော်တို့ ပထမဆုံး captain တယောက်အနေနဲ့ ကျနော်တို့ ဥရောပယူရိုပါလိဂ်ကို စတင်ယူထားတဲ့ လက်မှတ်လည်း ပါတဲ့အတွက် အဘက်ဘက်က ကြည့်ရင် ဒီလက်မှတ်တွေက ကျနော်တို့ အသင်းအတွက် ပိုပြီးထူးခြားတယ်”

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပြိုင်ဘက် မန်ယူအသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရလို့ ၄၁ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပဖလားရရှိခဲ့ပြီး ယူရိုပါလိဂ်ချန်ပီယံအဖြစ် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်လည်း ရရှိခဲ့ပါတယ်။

DVB Data Team က ကောက်ယူစုဆောင်းထားတဲ့ စာရင်းတွေအရ အင်အားပြင်း စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး မေ ၂၆ ရက်နေ့အထိ စုစုပေါင်းသေဆုံးသူ ၄,၄၉၂ ယောက်၊ ထိခိုက်ဒဏ်ရာရရှိသူကတော့ ၁၁,၃၆၆ ယောက်ရှိပြီး ငလျင်လှုပ်ခတ်ခဲ့တာ ၂ လကျော် ကြာလာခဲ့ပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ ငလျင်ပြန်လည်ထူထောင်ရေးအတွက် အကူအညီအများကြီး လိုနေတုန်းဖြစ်ပါတယ်။

မြတ်သဇင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013