
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာကို ဇွန် ၇ ရက် ညပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ ယောက်သေ၊ ၂ ယောက် အပြင်းအထန်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က “ရွာစာသင်ကျောင်းအဝင်လမ်း ဘေးကအိမ်ပေါ်ကြဲချသွားတယ်။ အိမ်ကတော့ လုံးဝ ပျောက်သွားတယ်။ တခြား အနီးအနားက အိမ်တွေလည်း ထိခိုက်ပျက်စီးတာတွေရှိတယ်။ လူသေဆုံးမှုကတော့ အမျိုးသမီးတဦး နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ဒဏ်ရာပြင်းထန်ရတယ်ဗျ။ ဘာမှလည်း မရှိဘဲနဲ့ကို အသားလွတ်ကြီးကြဲချသွားတာ။ နွားတကောင်လည်း သေဆုံးတယ်။ ဗုံးသီးက ၂ လုံး ကြဲချသွားတာ” လို့ ပြောပါတယ်။
လေကြောင်းကနေ ဗုံးကြဲချလို့ ပေါက်ကုန်းရွာက ဒေသခံတွေဟာ ကျေးရွာအတွင်းကနေ ထွက်ပြေးတိမ်း ရှောင်နေကြတယ်လို့လည်း သိရပါတယ်။
ထီးချိုင့်မြို့နယ် ပအဖ တာဝန်ရှိသူက “ဘာစစ်ကြောင်း မှမရှိသလို၊ ဘာတိုက်ပွဲမှလည်း မရှိပါဘူ။ သူတို့လုပ်ရပ်က သာမာန်အရပ်သားတွေပဲ သေကျေနေကြရပါတယ်ဗျ။ စစ်ရေးပစ်မှတ် မဟုတ်တဲ့ နေရာတွေ အခုလိုကြီး လုပ်နေတာကတော့ ဘယ်လိုမှ ခွင့်လွှတ်စရာမရှိဘူး။ အခုလို အပြစ်မဲ့ပြည်သူ သေဆုံးရမှုတွေအတွက် အမိန့်ပေးသူရော၊ ပြုလုပ်သူရော တာဝန်ယူကြရပါမယ်” လို့ DVB ကို ပြောပါတယ်။
ထီးချိုင့်နယ်တခုလုံးကို စစ်ကောင်စီတပ်က ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ထားတာဟာ အခုဆိုရင် ၃ နှစ်နီးပါးရှိပြီး ဇွန် ၇ ရက် ည ၉ နာရီမှာလည်း ဒေသအခေါ် ကျူတောင်အနီးတဝိုက်ကို တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၁ စင်းနဲ့ ဗုံးထပ်ကြဲတယ်လို့ သိရပေမယ့် ဆက်သွယ်ရေးခက်ခဲလို့ အသေးစိတ်ကို စုံစမ်းနေတုန်း ဖြစ်ပါတယ်။