
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အနောက်တောင်ခြမ်း ရင်ငတ်ကုန်းရွာကို ဇွန် ၇ ရက် ၁၁ နာရီကျော်အချိန်မှာ စစ်ကောင်စီက တိုက်လေယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီနေ သိရပါတယ်။
“မထင်မှတ်ဘဲ လာပစ်ခတ်သွားတယ်ဗျ။ ဘာတိုက်ပွဲမှ မရှိဘူးနော်။ သူတို့ ဗုံးကြဲပစ်လို့ လူနေအိမ်တလုံး ပျက်စီးတယ်ဗျ။ လူတဦး မစိုးရိမ်ရဒဏ်ရာရရှိတယ်။ နောက်ပြီးတော့ နွားတကောင် သေတယ်။ မြေပြင်သူတို့ စကစ စစ်ကြောင်းထိုး လှုပ်ရှားတာလည်း မရှိဘူး။ လေယာဉ်က စာသင်ကျောင်းနဲ့ ဘုန်းတော်ကြီးကျောင်းကို အဓိကထား ပစ်မှတ်ထားပစ်တာ။ ဘုန်းတော်ကြီးကျောင်းက ဘုရားတဆူ ထိမှန်တာရှိသလို စာသင်ကျောင်းလည်း အနည်းငယ် ပျက်စီးတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကန့်ဘလူမြို့နယ် စစ်တပ် အထိုင်ချထားတဲ့ ဇီးကုန်းသကြားစက်ရဲ့ မြောက်ဘက်မှာ တည်ရှိတဲ့ ရင်ငတ်ကုန်းရွာဟာ အိမ်ခြေ ၄၀၀ နီးပါရှိတယ်လို့ သိရပါတယ်။
“အရင်နေ့ကတော့ ကန့်ဘလူမြို့ကနေ နတ်ပေးရွာစီကို ကားကြီးသုံးစီးပေါ်မှာ ဟောင်ဝှစ်ဇာလက်နက်ကြီး တင်သွာတဲ့ လမ်းကြောင်းကို ကိုယ့်ဘက်က လုပ်လိုက်တာကလွဲပြီး ကျန်တဲ့ တိုက်ပွဲမရှိဘူး။ ဟောင်ဝှစ်ဇာလက်နက်ကြီးကတော့ နတ်ပေးရွာ ဘောလုံးကွင်းထဲ ထိုင်ထားတယ်။ မနေ့ညကတော့ ၂ လုံး ပစ်ခတ်သေးတယ်။ သူတို့ ဒီရွာကို လေယာဉ်နဲ့ ဘာကြောင့် ကြဲတာလဲဆိုတာကိုတော့ စဉ်းစားရခက်တယ်။ စစ်တပ်ကတော့ သူတို့မထင်တဲ့ နေရာကို ထင်တိုင်းလုပ် နေတော့တာပါပဲ။ ရေငတ်ကုန်းရွာမှာတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ ဘာတခုမှမရှိသလို၊ တော်လှန်ရေးအဖွဲ့တွေ ဝင်ရောက်လှုပ်ရှားတာ မရှိဘူး” လို့ ကန့်ဘလူပြည်သူကာကွယ်ရေးအဖွဲ့ရဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။
ရင်ငတ်ကုန်းရွာအနီး စစ်တပ်အထိုင်စခန်းတခုဖြစ်တဲ့ ဇီးကုန်းသကြားစက်၊ ဇာဒီပျူရွာ၊ ယမနေ စတဲ့ ကျေးရွာတွေက ပျူစောထီးတွေ အနည်းငယ်လှုပ်ရှားမှု တွေ့ရပြီး ကျန်တဲ့လှုပ်ရှားမှု ကြီးကြီးမားမားတော့ မရှိဘူးလို့ သိရပါတယ်။