DVB Logo
Home
မြန်မာသတင်း
ရွှေဘိုပေါ်ဆန်း ရည်ညွှန်းဈေး တိုးမြှင့်၊ ဈေးကွက် ပေါက်ဈေးနှင့် ကွာဟချက်များနေ
DVB
·
June 7, 2025
ရွှေဘိုပေါ်ဆန်း ရည်ညွှန်းဈေး တိုးမြှင့်၊ ဈေးကွက် ပေါက်ဈေးနှင့် ကွာဟချက်များနေ
Donate to DVB

ပြည်တွင်းစားသုံးမှု အများဆုံးဖြစ်တဲ့ ရွှေဘိုပေါ်ဆန်းအပါအဝင် ဆန်အမျိုးအစားတွေရဲ့ ဇွန်လအတွင်း ရောင်းချရမယ့် ရည်ညွှန်းဈေးတွေကို စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက် စားသုံးသူရေးရာဦးစီးဌာနက သတ်မှတ်ထုတ်ပြန်ထားပါတယ်။

အဲဒီထုတ်ပြန်ချက်အရ၊ ရွှေဘိုပေါ်ဆန်းအုပ်စုဝင် ပထမတန်းစားအဟောင်း (၁၀၈ ပေါင်၊ ၂၄ ပြည်) တအိတ်ဈေးနှုန်းကို မေလမှာ ကျပ် ၁၅၀,၀၀၀  သတ်မှတ်ခဲ့ရာက အခုဇွန်လအတွက် ကျပ် ၁၅၅,၀၀၀ ကို တိုးမြှင့်သတ်မှတ်ထားပါတယ်။

ဒါ့အပြင်‌ ရွှေဘို ပေါ်ဆန်း ပထမတန်းအသစ်ကို ၁၄၀,၀၀၀ ကျပ်၊ ဒုတိယတန်း အဟောင်းကို ၁၅၀,၀၀၀ ကျပ်၊ ဒုတိယတန်း အသစ်ကို ၁၃,၅၀၀၀ ကျပ်နဲ့ ပြီးခဲ့တဲ့ မေလက သတ်မှတ်ဈေးထက်ထက် ကျပ် ၅,၀၀၀ ခန့်စီ တိုးမြှင့် သတ်မှတ်ထားပါတယ်။

ကျန်ဆန်အမျိုးအစားတွေကိုတော့ ပြီးခဲ့တဲ့ မေလက နှုန်းထားတွေအတိုင်း အပြောင်းအလဲမရှိ ပြန်လည်သတ်မှတ်ထားပါတယ်။

စားသုံးသူတွေ ဆန်ဈေးနှုန်းကြီးမြှင့်မှုကနေ ကာကွယ်ဖို့နဲ့ ဆန်ဈေးကွက်၊ ဈေးနှုန်းကို ထိန်းညှိဖို့ အတွက် ရည်ရွယ်ပြီး အခုလို လစဉ် ဈေးနှုန်း သတ်မှတ်ထုတ်ပြန် ပေးနေတာလို့ ဆိုပေမဲ့ ပြင်ပ ဈေးကွက်မှာတော့ သတ်မှတ်ဈေးထက် ပိုတဲ့ ဈေးနှုန်းနဲ့သာ ရောင်းချနေကြတာပါ။

ဥပမာအားဖြင့် ရွှေဘိုပေါ်ဆန်းတအိတ်ဟာ ဈေးကွက်မှာ ကျပ် ၂ သိန်းကျော်ထိ ပေါက်ဈေးရှိပေမဲ့  သတ်မှတ်‌ဈေးကတော့ အများဆုံး ၁၅၅,၀၀၀ သာ ရှိပါတယ်။

ဒါ့အပြင် ပေါ်ဆန်း အမျိုးအစားဖြစ်တဲ့ ကျားပျံတအိတ်ကို ကျပ် ၁၁၇,၀၀၀ မှ ၁၃၅,၀၀၀ အထိ ရည်ညွှန်းဈေးသတ်မှတ်ထားပေမဲ့ ပြင်ပစျေးကွက်ဈေးနှုန်းကတော့ ကျပ် ၁၇၀,၀၀၀ ဝန်းကျင် ရှိပြီး သတ်မှတ်ဈေးထက် အလွန်မြင့်မားနေပါတယ်။

ဆန်ရောင်းချသူတယောက်က “အခုချိန် ဘယ်ဆိုင်မှ သတ်မှတ်ဈေးနဲ့ မရောင်းပါဘူး။  သတ်မှတ်ဈေးနဲ့ အပြင်ဈေးက တော်တော်ကွာပါတယ်။ အခုဆိုရင် ဆန်ဈေးတွေက ထပ် တက်လာပါသေးတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်၊ မန္တလေး နဲ့ နေပြည်တော်က ဆန်ဆိုင်တွေနဲ့ ဈေးဝယ်စင်တာတွေ၊ Mini Mart တွေမှာ သတ်မှတ် ရည်ညွှန်းဈေးနှုန်းတွေနဲ့ ရောင်းချရမယ်လို့  အမိန့်ထုတ်ခဲ့သလို ဆန်စပါးအသင်းချုပ်ကတဆင့်  အိမ်ထောင်စုတွေထံကို အိမ်အရောက် ဆန်ရောင်းချပေးတဲ့ စနစ်ကိုလည်း   အကောင်အထည်ဖော်စေခဲ့ပါတယ်။

ဒါပေမဲ့ လတ်တလောမှာတော့  ဆန်ဆိုင်တွေက အိမ်အရောက်ပို့စနစ်နဲ့ ဆန်ရောင်းချပေးခြင်း မရှိတော့ဘူးလို့ စားသုံးသူတွေထံက သိရပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “အရင်ကတော့   ရည်ညွှန်းဈေးနဲ့ဝယ်လို့ ရလိုက်သေးတယ်။ အခုနောက်ပိုင်းတော့ ဝယ်လို့မရတော့ဘူး” လို့ ပြောပါတယ်။

အခုလမှာ  စားသုံးသူရေးရာ ဦးစီးဌာနက ပြည်ပတင်ပို့တဲ့ ဆန်ကြမ်းအုပ်စုတွေဖြစ်တဲ့ ဧည့်မထ၊ ငစိန်၊ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန်ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-၁၁၊ စောရုပ်၊ ၇၄၇၊ သီးပု၊ စတဲ့ ဧည့်မထ/ငစိန် အုပ်စုဝင် ဆန်ကြမ်း‌တွေအတွက်  သတ်မှတ်ရည်ညွှန်းဈေးကို အနိမ့်ဆုံးဈေး ကျပ် ၆၀,၀၀၀ ကနေ အမြင့်ဆုံးဈေး ကျပ် ၇၂,၀၀၀ နဲ့ အရင်လအတိုင်း သတ်မှတ်ပေးထားပါတယ်။

ပြည်ပတင်ပို့မှုလည်း ရှိသလို ပြည်တွင်းစားသုံးမှုလည်းရှိတဲ့ ဇီယာ၊ ငွေတိုး၊ မင်းဧရာ၊ နှံကောက်၊ ရွှေမန်းတို့လို အရည်အသွေး သင့်တင့်ကောင်းမွန်တဲ့ ဆန်တွေကို အဟောင်းတအိတ်ကို   ၇၈,၀၀၀  ကျပ်၊ အသစ်ကို ၆၈,၀၀၀ ကျပ်၊ ပေါ်ဆန်းအုပ်စုဝင် ခွံနီနဲ့ ပေါ်ကျွဲဆန် (အဟောင်း) တအိတ်ကို   ၁၀၂,၀၀၀ကျပ်၊ အသစ်ကို ကျပ် ၉၀,၀၀၀ နဲ့ အရင်လအတိုင်း သတ်မှတ်ထားပါတယ်။

ဧရာမင်း၊ ဧရာပဒေသာ၊ မဂျမ်းတော ဆန်‌တွေကို ကျပ် ၁၃၃,၀၀၀၊ ပေါ်ဆန်းအုပ်စု ဧရာဝတီပေါ်ဆန်းဆန်တွေကိုလည်း ကျပ် ၁၀၇,၀၀၀ ကနေ ၁၂၅,၀၀၀ နဲ့ အရင်လအတိုင်း သတ်မှတ်ပေးထားတာ တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013