
မကွေးတိုင်း၊ ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာရှိ ရခိုင်ကုန်သည်တွေ တည်းခိုနေတဲ့အိမ်ကို စစ်ကောင်စီတပ်က ဇွန် ၅ ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရခိုင်ကုန်သည် ၄ ယောက် သေဆုံးပြီး ဆောဒေသခံတွေ အပါအဝင် အရပ်သား ၉ ယောက် ဒဏ်ရာရရှိသွားတယ်လို့ ရခိုင်ကုန်သည်တွေဆီက သိရပါတယ်။
ညောင်ကန်ကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၅ ရက် နေ့လယ် ၂ နာရီ ၄၅ မိနစ်မှာ ဂျက်တိုက်လေယာဉ်တစင်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရခိုင်ကုန်သည်တွေ တည်းခိုနေတဲ့ နေအိမ်မှာ ကျရောက်ကွဲပြီးတော့ ကုန်သည်တွေ သေဆုံးခဲ့တာလို့ ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“သူတို့က ရခိုင်ဘက်ကို ဆင်းဖို့ဆိုပြီး လုပ်နေကြတာ။ အဲဒီမှာ ရာသီဥတုကြောင့် လမ်းတွေပြိုကျလို့ ညောင်ကန်ရွာမှာ ခရီးတထောက် နားနေကြတာလို့ သိရတယ်။ အဲဒီမှာ မနေ့က လေကြောင်းတိုက်ခိုက်ခံရတာ။ ကုန်သည် ၃ ဦးကတော့ နေရာမှာတင် သေသွားပြီးတော့ နောက်တဦးကတော့ ဆေးရုံရောက်ပြီးမှ သေတာလို့ သိရပါတယ်။ နောက်ထပ် ဆောဒေသခံတွေ အပါအဝင် ၉ ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်။”
လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိသွားသူတွေကတော့ ဆောပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြပါတယ်။
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသူတွေကတော့ ကိုဝင်းစိုး၊ ကိုကျော်သက်တို့ ဖြစ်ကြပြီး နောက်ထပ် သေဆုံးသွားသူ ၂ ယောက်နဲ့ သူတို့ရဲ့ နေရပ်လိပ်စာ အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ရခိုင်ဘက်က ကုန်သည်တွေဟာ ၂၀၂၄ ခုနှစ်ကတည်းက မကွေးတိုင်း ဆောမြို့နယ်ကနေ ပြည်မကထွက်ကုန်တွေကို တောလမ်းတွေကနေတဆင့် ကုန်သွယ်မှု ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ မကွေးတိုင်း ဆောမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် တောင်တွေပြိုကျပြီး လမ်းပိတ်နေတာကြောင့် ဆောဘက်ကို ရောက်ရှိနေကြတဲ့ ရခိုင်ကုန်သည်တွေဟာ လနဲ့ချီပြီး သောင်တင်နေကြတယ်လို့လည်း နောက်ထပ် ရခိုင်ကုန်သည်တယောက်က ပြောပါတယ်။
“ဆောလမ်းက တောလမ်းဖြစ်တာကြောင့် မိုးရာသီဆိုရင် တောင်ပြိုပြီးတော့ လမ်းပိတ်ဆို့တာတွေ ရှိတယ်။ အခုလည်း တောလမ်းတွေ ပိတ်ဆို့နေတာကြောင့် ဆောဘက်ကို ရောက်နေကြတဲ့ ကုန်သည်တွေ လနဲ့ချီကြာ ပိတ်နေကြတယ်။ အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ကုန်သည်တွေလည်း လမ်းပိတ်နေလို့ သောင်တင်နေကြတဲ့ ကုန်သည်တွေ ဖြစ်တယ်။”
ရခိုင်မှာ တိုက်ပွဲစတင်ဖြစ်ပွားတဲ့ ၂၀၂၃ ခုနှစ်ကတည်းက စစ်ကောင်စီက ရခိုင်ပြည်ကို ကုန်စည်စီးဆင်းခွင့် အားလုံး ပိတ်ဆို့ထားတာကြောင့် ရခိုင်က ကုန်သည်တွေဟာ အိန္ဒိယနဲ့ မကွေးဘက်ကနေ ကုန်သွယ်မှုတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။
ဆောမြို့နယ်ကို စစ်ကောင်စီက မကြာခဏ လေကြောင်းတိုက်ခိုက်လို့ အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေလည်း ရှိကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။