
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာ အရှေ့ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) တပ်တချို့ တည်းခိုနေတဲ့ ကျွန်းတောစခန်းကို စစ်အာဏာရှင်တပ်က ဩဂုတ် ၁၈ ရက်မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ DKBA တပ်ဖွဲ့ဝင် ၂ ယောက် နေရာမှာ သေဆုံးခဲ့ပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မျက်မြင်တွေ့သူတွေထံက သိရပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး မျက်မြင်တွေ့ရှိတဲ့ ရဲဘော်တယောက်က “ဖလူးလေးတောင်ဘက် တောင်ထိပ်ကနေ ကျွန်းတော DKBA ရှိတဲ့နေရာကို လှမ်းမြင်နေရတာဆိုတော့ သူတို့ စိတ်ကြိုက်ပစ်လို့ရနေတာ။ ဒီနေရာကလည်း လူအဝင်အထွက် များတာလည်း ပါသလို သတိမထားမိတာလည်း ပါတယ်။ ဒီနေရာက စခန်းလို့လည်း ယူဆလို့မရဘူး၊ ဆက်သွယ်ရေးမြောင်းလည်း မရှိဘူး။ ဒါက သက်သက် စော်ကားတာ” လို့ ပြောပါတယ်။
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ဟာ စစ်အာဏာရှင်ရဲ့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထာတဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့တဖွဲ့ဖြစ်ပြီး ဒီပစ်ခတ်မှုကို DKBA တပ်ဘက်က တုံ့ပြန်ခဲ့တာ မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြဝတီမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကျည်တွေ ထိုင်းနိုင်ငံဘက်ကို ကျရောက်ပြီး ထိုင်းလူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါ တယ်။
ထဆောင်ယန်းမြို့ရှိ ပြောင်းခင်းတခုထဲမှာ ၁၂၀ မီလီမီတာအရွယ်အစားရှိတဲ့ မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုတွေ့ရှိလို့ ထိုင်းပြည်သူတွေနဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိခိုက်မှုမရှိစေဖို့ ဩဂုတ် ၁၇ ရက်မှာ ထိုင်းတာဝန်ရှိသူတွေက ဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။
အဆိုပါ ၁၂၀ ဗုံးသီးကို ပြောင်းစိုက် တောင်သူတွေက တွေ့ရှိခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးထံ အကြောင်းကြား သတင်းပို့ခဲ့လို့ စစ်ဘက်ဆိုင်ရာ ဖောက်ခွဲရေး နည်းပညာဌာနက လာရောက် ဖောက်ခွဲရှင်းလင်းပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ တောင်ဘက်တွင် တိုက်ပွဲတွေ ပြင်းထန်နေလို့ မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေတွေ့ရှိပါက ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာဌာနတွေထံ အကြောင်းကြား သတင်းပို့ကြဖို့ နယ်စပ်ဒေသခံ ပြည်သူတွေကို သတိပေး နှိုးဆော်ထားပါတယ်။











