DVB Logo
Home
နိုင်ငံတကာ
၃ နှစ်အတွင်း နည်းပညာကုမ္ပဏီကြီးများ၏ ကာဗွန်ထုတ်လွှတ်မှု ၁၅၀ ရာခိုင်နှုန်းအထိ မြင့်တက်
DVB
·
June 6, 2025
၃ နှစ်အတွင်း နည်းပညာကုမ္ပဏီကြီးများ၏ ကာဗွန်ထုတ်လွှတ်မှု ၁၅၀ ရာခိုင်နှုန်းအထိ မြင့်တက်
Donate to DVB

၂၀၂၀ ကနေ ၂၀၂၃ အတွင်း ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေရဲ့  လုပ်ငန်းလည်ပတ်ရာမှာ ထွက်လာတဲ့ ကာဗွန်ပမာဏဟာ ပျမ်းမျှ ၁၅၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ ဒစ်ဂျစ်တယ်အေဂျင်စီရဲ့ အတည်ပြုချက်အရ သိရပါတယ်။

ဒါဟာ AI အသိဉာဏ်ရည်တုနဲ့ ဒေတာစင်တာတွေမှာ ရင်းနှီးမြှုပ်နှံမှု များလာတာနဲ့အမျှ ကမ္ဘာလုံးဆိုင်ရာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ်နဲ့ နှိုင်းယှဉ်ကြည့်ရင် ၂၀၂၃ ခုနှစ်မှာ Amazon ရဲ့ ကာဗွန်ထုတ်လွှတ်မှုက ၁၈၂ ရာခိုင်နှုန်း၊ Microsoft က ၁၅၅ ရာခိုင်နှုန်း၊ Meta က ၁၄၅ ရာခိုင်နှုန်းနဲ့ Google မိခင်ကုမ္ပဏီ Alphabet က ၁၃၈ ရာခိုင်နှုန်းအထိ ၃ နှစ်အတွင်း တက်လာတာကို တွေ့ရပါတယ်။

အလားတူကာလအတွင်း ကမ္ဘာ့ထိပ်တန်း ဒစ်ဂျစ်တယ်ကုမ္ပဏီပေါင်း ၂၀၀ ရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို အကဲဖြတ်တွက်ချက်ပြီး ကုလသမဂ္ဂ နိုင်ငံတကာဆက်သွယ်ရေးယူနီယံ (ITU) က အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

အခုလိုမျိုး ကာဗွန်ထုတ်လွှင့်မှု များလာတာဟာ AI နည်းပညာရဲ့ အောင်မြင်မှု အပါအဝင် Cloud Computing လိုမျိုး ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေအပေါ် လိုလားချက်များလာတာနဲ့  ဆက်စပ်နေတယ် ဆိုပြီး အစီရင်ခံစာအသစ်မှာ ရေးသားထားပါတယ်။

“လက်ရှိမှာ AI ရဲ့ ကာဗွန်ထုတ်လွှတ်မှု ဒါမှမဟုတ် စွမ်းအင်သုံးစွဲတဲ့နှုန်းကို စံနှုန်းအရာရော၊ ဥပဒေကြောင်းအရပါ ကုမ္ပဏီတွေဘက်က ချပြစရာ မလိုပါဘူး။ ဒါကြောင့် AI က ကုမ္ပဏီအတိုင်းအတာမှာ စွမ်းအင်သုံးစွဲမှုအပေါ် ဘယ်လောက်သက်ရောက်မှုရှိတယ် ဆိုတာကို သိနားလည်နိုင်ဖို့ သိပ်မလွယ်သေးပါဘူး” လို့လည်း ဆိုပါတယ်။

ITU အကြီးအကဲ ဒိုရင်း ဘော့ဂ်ဒန်-မာတင် ကတော့ “ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုတွေထဲမှာ အထူးသဖြင့် AI က ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုနဲ့ စွမ်းအင်သုံးစွဲမှုတွေကိုပါ တိုးလာစေတယ်” လို့ မှတ်ချက်ပြုပါတယ်။

အလားတူ AI နဲ့ Cloud Computing အတွက် မရှိမဖြစ်လိုအပ်တဲ့ ဒေတာစင်တာတွေကလည်း လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို အလွန်မြင့်တက်စေပါတယ်။

၂၀၁၇ ကစပြီး ဒေတာစင်တာတွေရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုဟာ တနှစ်ကို ၁၂ ရာခိုင်နှုန်းနဲ့ တက်လာခဲ့တယ်လို့ IEA နိုင်ငံတကာ စွမ်းအင်အေဂျင်စီအရ သိရပါတယ်။

ဒီလိုမျိုး ဒေတာစင်တာ တခုတည်းကတင် လျှပ်စစ်ဓာတ်အား ၄၁၅ တဲရာဝက်စ်ကို (TWh) သုံးစွဲလေ့ရှိပြီး ဒါဟာ ကမ္ဘာ့လျှပ်စစ်ဓာတ်အား လိုအပ်ချက်ရဲ့ ၁ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။

အဲဒီနှုန်းထားအတိုင်း ဆက်တက်လာမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ ၉၄၅ တဲရာဝက်စ် အထိ (TWh) ရှိလာနိုင်တဲ့အလျောက် နှစ်စဉ် ဂျပန်တနိုင်ငံလုံး သုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားထက်တောင် ကျော်လွန်သွားနိုင်ပါတယ်။

၂၀၂၃ ခုနှစ်မှာ လေ့လာမှုပြုလုပ်ခဲ့တဲ့ ကုမ္ပဏီပေါင်း ၂၀၀ ထဲက ၁၆၆ ခုဟာ ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၂၉၇ သန်းကို ထုတ်လွှတ်ခဲ့သလို ဒါဟာ အာဂျင်တီးနား၊ ဘိုလီးဗီးယားနဲ့ ချီလီ စတဲ့ ၃ နိုင်ငံပေါင်း ပမာဏနဲ့လည်း ညီမျှပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013