
ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ရည်ကောင်းမွန်တဲ့ အရည်အသွေးမြင့် Gripen E/F အမျိုးအစား တိုက်လေယာဉ် ၄ စီးကို ဆွီဒင်နိုင်ငံကနေ ဝယ်ယူမယ်လို့ ထိုင်းလေတပ် ဗိုလ်ချုပ်က ဇွန် ၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ဒီလေယာဉ်တွေကို သေချာဆန်းစစ်ပြီးမှ ရှာဖွေဝယ်ယူတာဖြစ်တယ်၊ ပြည်သူတွေရဲ့ အခွန်ငွေက ရလာတဲ့ ရန်ပုံငွေနဲ့ တန်အောင် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ အမျိုးသားလုံခြုံရေးနဲ့ ပြည်သူ့အကျိုးစီးပွားကို ကောင်းစွာကာကွယ်နိုင်မှာဖြစ်တယ်၊ ထိုင်းနိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် အနေအထားနဲ့ သင့်လျော်စွာ ရန်သူကို တွန်းလှန်တိုက်ခိုက်နိုင်မယ်၊ လေယာဉ်ဝယ်ယူတာ ပွင့်လင်းမြင်သာမှုရှိတယ်၊ စစ်ဆေးနိုင်တယ်လို့ ထိုင်းလေတပ် ဗိုလ်ချုပ် ဖန်းဖတ်ဒီ ဖတနကွန်းက ပြောပါတယ်။
Gripen E/F တိုက်လေယာဉ်မှာ ခေတ်မီတဲ့ စွမ်းဆောင်ရည်၊ AESA ရေဒါစနစ်၊ အီလက်ထရွန်နစ် စစ်ဆင်ရေးစနစ်နဲ့ Meteor BVR ဒုံးကျည်တွေ ပါဝင်တယ်၊ တိုက်ပွဲအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတဲ့စနစ်တွေ ပါဝင်တယ်၊ ထိုင်းနိုင်ငံမှာ ၃၇ နှစ်ကြာ အသုံးပြုလာခဲ့တဲ့ F-16 တိုက်လေယာဉ်ကို လာမယ့် ၂၀၂၈-၂၀၃၅ ခုနှစ်တွေမှာ တဖြည်းဖြည်းရပ်ဆိုင်းပြီး Gripen E/F ကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။
လေယာဉ်ဝယ်ယူတဲ့ ကုန်ကျစရိတ်မှာ ဘတ်သန်းပေါင်း ၁၉,၅၀၀ ကျသင့်တယ်လို့ ဆိုပါတယ်။
ထိုင်းလေတပ်ဟာ ဆွီဒင်နိုင်ငံအစိုးရနဲ့ လာမယ့် ဩဂုတ်လအတွင်း လေယာဉ်ဝယ်ယူရေးစာချုပ် ချုပ်ဆိုဖို့ရှိပြီး အဲဒီနောက် ဆွီဒင်နိုင်ငံ နည်းပညာကျွမ်းကျင်သူတွေ ရောက်လာကာ တိုက်လေယာဉ်နဲ့ ပတ်သက်တဲ့ အသိပညာတွေ လာရောက်ပြသ သင်ကြားပေးမယ်လို့ ဆိုပါတယ်။
Source: 3Plus News