DVB
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကျက်ရိုးပင်ကျေးရွာကို စစ်ကောင်စီတပ်က ဇွန် ၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ဘုန်းကြီးတပါး ပျံလွန်တော်မူခဲ့ပြီး အရပ်သား ၄ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖဆီက သိရပါတယ်။
ပြင်ဦးလွင်ခရိုင် ပကဖ သတင်းတာဝန်ခံက “ထိခိုက်သေဆုံးက ဘုန်းကြီးက သက်တော် ၆၇ နှစ်ပါ၊ ဒဏ်ရာရက အမျိုးသား ၃ ဦး အမျိုးသမီး ၁ ဦးပါ၊ အခြေအနေ မစိုးရိမ်ရပါဘူး” လို့ ပြောပါတယ်။
ကျက်ရိုးပင်ရွာကို တံတားဦးကတက်လာတဲ့ တိုက်လေယာဉ်နဲ့ ဗုံးတလုံး ကြဲခဲ့တာကြောင့် သိမ်ကျောင်းဆောင်တဆောင် ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်က ဇွန်လကုန်ထိ အပစ်အခတ် ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ စဥ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာကို ဇွန် ၁ ရက်မှာ လေကြောင်းဗုံးကြဲခဲ့ပါတယ်။
စဥ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာကိုလည်း စစ်တပ်က ဇွန် ၁ ရက်မှာ လေကြောင်းဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်