DVB Logo
Home
မြန်မာသတင်း
အမေရိကန် ဗီဇာပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံသားအချို့ ထိခိုက်နိုင်
DVB
·
June 6, 2025
အမေရိကန် ဗီဇာပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံသားအချို့ ထိခိုက်နိုင်
Donate to DVB

အမေရိကန်ဗီဇာ ပိတ်ပင်မှုကြောင့် မြန်မာနိုင်ငံသားတွေအတွက် လူမှုရေး၊ ပညာရေး၊ စီးပွားရေးတွေ ထိခိုက်စေတယ်လို့  အေဂျင်စီတွေက ပြောပါတယ်။ 

ဇွန်လ ၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမိန့် အရ မြန်မာနိုင်ငံသားတွေ အပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားတွေအတွက် အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခွင့်ကို  တားမြစ်လိုက်တာဖြစ်ပြီး ဒီအမိန့်က ဇွန် ၉ ရက်မှာ စတင်ကျင့်သုံးမယ်လို့ သိရပါတယ်။

အဲဒီ အမိန့်အရ မြန်မာနိုင်ငံသားတွေအတွက် Non immigrant နဲ့ Immigrant visa အမျိုးအစားတွေကို ထုတ်ပေးတာနဲ့ ဝင်ရောက်ခွင့်ကို အပြည့်အဝ တားမြစ်လိုက်တာဖြစ်ပါတယ်။

အခုလိုပိတ်ပင်မှုကြောင့် အမေရိကသွားဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လူမှုရေး၊ ပညာရေး၊ စီးပွားရေး အနာဂတ်တို့ကို ထိခိုက်မှု ကြီးကြီးမားမား ဖြစ်စေတယ်လို့ အမေရိကန် ဗီဇာ အကျိုးဆောင် အေဂျင်စီတွေက ပြောပါတယ်။

အမေရိကန်ဗီဇာ အကျိုးဆောင်လုပ်ငန်းတခုဖြစ်တဲ့ Hello America မှတာဝန်ရှိသူတယောက်က “ အမေရိကန် ဗီဇာပိတ်တာကြောင့် မြန်မာနိုင်ငံသားတွေအပေါ် အဓိကသက်ရောက်မှာက အထူးသဖြင့် ကျောင်းသားတွေ၊ အမေရိက တက္ကသိုလ်တွေမှာ တက်ရောက်ဖို့ ကျောင်းသား ဗီဇာ မရနိုင်တော့ဘူး။ ပြီးတော့ အမေရိကရောက် မြန်မာကျောင်းသားတွေလည်း ကျောင်းသားဗီဇာနဲ့ အမေရိကန်ပြည်ထောင်စုကနေ ထွက်ပြီး ပြည်ပြန်ဝင်ဖို့ ခက်သွားမယ်။ နောက်တခုက ခရီးသွား၊ အမေရိကကို အလည်အပတ်လာလို့ မရတော့ဘူး။ အရေးကြီး၊ အရေးပေါ် ခရီးသွားလာလို့ မရတော့ဘူး။ နောက်တခုက Business visa (B-1) နဲ့ သွားလာသူတွေအတွက်လည်း စီးပွားရေးဆုံးရှုံးမှု ဖြစ်နိုင်တယ်။ US-based partnership တွေမှာ အခက်အခဲ ဖြစ်နိုင်တယ်။ သင်္ဘောနဲ့ လေယာဉ်ဝန်ထမ်းတွေ အလုပ်အကိုင် ဆုံးရှုံးတာ၊ ဗီဇာ သက်တမ်းမတိုးနိုင်တာတွေ ဖြစ်နိုင်တယ်။ DV Program လည်း မြန်မာနိုင်ငံသားတွေအတွက် ဗီဇာထုတ်ပေးတာ မဖြစ်နိုင်တော့ဘူး”လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်၊ မြန်မာ၊ ချဒ်(အာဖရိကနိုင်ငံ)၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုးရီးယဲဂီနီ၊ အီရီထရီးယား၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်နဲ့ ယီမင်တို့က နိုင်ငံသားတွေ ဝင်ရောက်ခွင့် အပြည့်အဝ ကန့်သတ်လိုက်တာ ဖြစ်ပါတယ်။

ဘူရွန်ဒီ၊ ကျူးဘား၊ လာအို၊ ဆီယာလီယွန်၊ တိုဂို၊ တာ့ခ်မင်နစ္စတန်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကတော့ တစိတ်တပိုင်း ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။

ဒီကြေညာချက်အရ တရားဝင် အမြဲတမ်းနေထိုင်သူတွေ၊ လက်ရှိ ဗီဇာကိုင်ဆောင်ထားသူတွေ၊ သတ်မှတ်ထားတဲ့ ဗီဇာအမျိုးအစားတွေကို ကိုင်ဆောင်ထားသူတွေ၊ နိုင်ငံတကာ သဘောတူညီချက် အရ လုံခြုံမှုပေးထားသူတွေ သို့မဟုတ် အမေရိကန်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက် ဝင်ရောက်ခွင့် ပြုသင့်သူတွေအတွက်တော့ ခြွင်းချက်ဖြစ်တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံရောက် ခရီးသွားလူငယ်တယောက်က “ကျနော်တို့ဆိုရင် အမေရိကန်နိုင်ငံကို သွားလည်ဖို့ စိတ်ကူး ရှိခဲ့တာပေါ့။ အဲဒီလို စိတ်ကူး ရှိခဲ့လို့လည်း သူ့ရဲ့ ဗီဇာလျှောက်ရင် အဓိက လိုအပ်ချက်ဖြစ်တဲ့ Travel History ကောင်းရမယ် ဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး ကျနော်တို့ ဆိုရင် နိုင်ငံတော်တော်များများကို ခရီးထွက်ထားတာပေါ့။ ဒီလို သတင်းမျိုးကို ကြားရတဲ့အခါ ကျနော်တို့လည်း နည်းနည်း တုန်လှုပ်သွားတာပေါ့။ ကျနော်တို့ ကြိုးစားထားသမျှ ရေစုန်မျောသွားပြီလားပေါ့။ ကျနော်က ခရီးသွားရတာကြိုက်တော့ သူ့နိုင်ငံကို သွားလည်ချင်တာပေါ့။ သူ့နိုင်ငံကို အလည်ဗီဇာနဲ့ သွားပြီး အလုပ်လုပ်မယ့်သူ မဟုတ်ဘူးဆိုတော့ ဒီသတင်းကြားရတာ ခြေကုန်လက်ပန်းကျသွားတာပေါ့။ ပြီးတော့ အမေရိကားကို သွားဖို့ UN ကတ် ကိုင်ပြီး စောင့်နေသူတွေဆိုရင်လည်း ဒီသတင်းရဲ့ အကျိုးသက်ရောက်မှုက တော်တော်လေး များမယ်။ ပြီးရင် မြန်မာနိုင်ငံမှာ အမေရိကားကို ကျောင်းသွားတက်မယ့်သူတွေအတွက်လည်း တော်တော်လေး သက်ရောက်လိမ့်မယ်”လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ကော်လိုရာဒိုပြည်နယ်မှာ ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှု ဖြစ်ပွားခဲ့အပြီးမှာ အမေရိကန် သမ္မတဟာ ဒီကြေညာချက်ကို ထုတ်ပြန်ဖို့ နောက်ဆုံး ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။

အခုလို ပိတ်ပင်ခံရတာကြောင့် အမေရိကန်နိုင်ငံကို ပညာရေးဗီဇာနဲ့ သွားဖို့ ကြိုးပမ်းနေသူတွေ၊ ဒုက္ခသည်စခန်းတွေကတဆင့် အမေရိကန်နိုင်ငံမှာ ခိုလှုံခွင့်တောင်းခံထားသူတွေ၊ အလည်အပတ် ဗီဇာနဲ့ သွားရောက်ဖို့ စီစဉ်နေသူတွေ အခက်အခဲ ဖြစ်ကုန်ကြတယ်လို့ ပြောဆိုနေကြပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013