
ကျုံဒိုး-ကော့ကရိတ် အာရှလမ်းပိုင်းနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဇွန် ၅ ရက်ကစပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅၊ ၅၄၆ တပ်နဲ့ စစ်တပ်လက်နက်ကြီးတပ်ဖွဲ့ နေရာယူထားတဲ့ ကုန်းတွေကနေ ကော့ကရိတ်-ကျုံဒိုး အာရှလမ်းပိုင်းနဲ့ ရွာဘက်ကို ဇွန် ၅ ရက် မနက် ၈ နာရီကျော်က စတင်ကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး ဇွန် ၆ ရက် ညနေပိုင်းအထိ တနေကုန်နီးပါး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။
ကျုံဒိုး စစ်ဘေးရှောင်တယောက်က “ခမရ ၅၄၅၊ ၅၄၆ တပ်နဲ့ ကျုံဒိုးမီးပုံကွင်းနဲ့ ဂျိုင်းတံတားဘက် စစ်ကောင်စီတပ် လက်နက်ကြီးအဖွဲ့တွေ နေရာယူထားတဲ့ ၅ တိုင် ၇ တိုင်အထိ လမ်းမပေါ်ပစ်တယ်။ နွားခြံကုန်း ၄ တိုင်၊ ကော့ဝါလဲဘက်တွေလည်း ပစ်တယ်။ ညတုန်က ဒရုန်းနဲ့ ရွာတွေကို ကြဲချတယ်။ မနေ့ကတော့ တနေကုန်ပစ်တယ်၊ ညနေအထိဆို အလုံး ၁၀၀ ကျော်ပြီ” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ကော့ကရိတ်ကို စစ်ကူစစ်ကြောင်း ထွက်မရတဲ့အတွက် အခုလို လမ်းမနဲ့ ရွာတွေကို ပစ်ခတ် ဖျက်ဆီးနေတာ ဖြစ်နိုင်တယ်၊ ကျုံဒိုးကနေ စစ်ကြောင်းထွက်မရအောင် တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် ရမ်းသန်းပစ်ခတ်နေတာလို့ ဆိုပါတယ်။
တော်လှန်ရေး ပူးပေါင်းတပ်တွေကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိခဲ့ပြီး သေဆုံးသွားသူတွေကို ဖားအံမြို့နယ်အတွင်းရှိ ဂျိုင်းကျေးရွာသုသာန်ကို သယ်ဆောင် သင်္ဂြိုဟ်နေတယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။