
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းကနေ စစ်ကောင်စီစစ်ကြောင်း ထွက်လာတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ညောင်ပင်ကြီးကျေးရွာသားတွေထံက သိရပါတယ်။
ဝမ်ပေါင်ကုမ္ပဏီထဲက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထန်းတောကြီးကျေးရွာ တောင်ဘက်တလျှောက်မှာ ကင်းပုန်းတွေချထားပြီး ကားလမ်းပေါ်ဖြတ်သွားတဲ့ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ယာဥ်တွေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ဒေသခံတယောက်က “ ဒီနေ့ မနက် ၆ နာရီက တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းထဲကနေ ထွက်လာတာ၊ ထန်းတောကြီးရွာ တောင်ပိုင်း အိုမရွာနဲ့ ညောင်ပင်ကြီး ထန်းတောကြီး ဇက်ဆိပ်တွေမှာ ကင်းပုန်းဝပ်တာတွေ ပြုလုပ်နေတယ်” လို့ ပြောပါတယ်။
ရိက္ခာသယ်ဖို့လား၊ ကြေးနီသယ်ဖို့လား မသိရဘဲ အဓိကကတော့ ရွာတွေကိုဝင်စီးနင်းမှာကို စိုးရိမ်နေရတာလို့ ဆိုပါတယ်။
ဝမ်ပေါင်ကြေးနီစီမံကိန်းထဲမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေက ကြေးနီ သယ်ယူတာ၊ ကြေးနီထုတ်လုပ်ဖို့ အက်စစ်သယ်ယူတာတို့ လုပ်တဲ့အခါမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလို အနီးနားက ကျေးရွာတွေနဲ့ ကားလမ်း ဇက်ဆိပ်တွေမှာ ကင်းပုန်းဝပ်လေ့ရှိပါတယ်