
ဗြိတိန်ထောက်လှမ်းရေးအဖွဲ့ဟာ ရုရှားကို ထိခိုက်အောင်လုပ်ဖို့ အကာအကွယ်အဖြစ် ဗြိတိသျှကောင်စီကို အသုံးချနေတယ်လို့ ရုရှားဖယ်ဒရယ်လုံခြုံရေးဌာန (FSB) က ဇွန် ၅ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
လန်ဒန်အခြေစိုက် ဗြိတိသျှကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ထိပ်တန်းတက္ကသိုလ်တွေက ဆရာတွေကိုလည်း ဖော်ထုတ်ခဲ့တယ်လို့လည်း ပြောပါတယ်။
ရုရှားနဲ့ အမေရိကန်အစိုးရတို့ကြား အကဲဆတ်တဲ့ တုံ့ပြန်မှုတွေ ကြားထဲက ရုရှားအရာရှိတွေက ဗြိတိန်ကို “ရန်သူ နံပါတ်တစ်” အဖြစ် သတ်မှတ်လိုက်ပါတယ်။
ဗြိတိန်ရဲ့ ယဉ်ကျေးမှု ဆက်ဆံရေးနှင့် ပညာရေးဆိုင်ရာ အခွင့်အလမ်းများအတွက် နိုင်ငံတကာ အဖွဲ့အစည်းလို့ ခေါ်ဆိုတဲ့ ဗြိတိသျှကောင်စီက ရုရှားမှာ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းဖို့ ၂၀၁၈ ခုနှစ်မှာ အပြောခံရတယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး လန်ဒန်က ပုံမှန်အလုပ်ချိန်ပြင်ပမှာ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဗြိတိသျှကောင်စီက ချက်ချင်းမတုံ့ပြန်ပါဘူး။
ဆိုဗီယက်ခေတ် KGB ထောက်လှမ်းရေးဌာနကို အဓိကဆက်ခံပြီး ရုရှားနိုင်ငံထဲမှာ သြဇာအရှိဆုံး အဖွဲ့အစည်းတရပ်ဖြစ်တဲ့ FSB ဟာ ဗြိတိသျှကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ ရုရှားရဲ့ ဒေသ ၄ ခုထဲက ထိပ်တန်းတက္ကသိုလ်တွေက သင်ကြားရေးဝန်ထမ်းတွေကို ဖော်ထုတ်ထားတယ်လို့ ပြော ပါတယ်။
ရုရှားရဲ့ အထောက်အထားကို ဖျောက်ဖျက်ဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှုရှိတဲ့ အေးဂျင့်ကွန်ရက်ကို ထူထောင်ဖို့ ကြိုးပမ်းရေးမှာ ဗြိတိသျှကောင်စီကို ဗြိတိန်ထောက်လှမ်းရေးက သုံးခဲ့တယ်လို့ FSB က ပြောပါတယ်။
ဗြိတိန်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ရုရှားနိုင်ငံသား ၁၅ ယောက်ကို တရားဝင်သတိပေးထားတယ်လို့ FSB က ပြောပါတယ်။
ဗြိတိသျှကောင်စီကို ပိတ်ပင်ဖို့ မဟာမိတ်တွေကို ပန်ကြားခဲ့ပြီး အဆက်အသွယ် မလုပ်ဖို့ နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။