
ကမ္ဘာ့ရွှေဈေး ဆက်လက်မြင့်တက်လာတာကြောင့် မြန်မာပြည်တွင်း ရွှေဈေးကလည်း တရက်အတွင်း ကျပ် တစ်သိန်း ဝန်းကျင် မြင့်တက်ခဲ့ပြီး အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇,၈၅၀,၀၀၀ ဝန်းကျင်ထိ ရောက်ရှိလာပါတယ်။
ပြင်ပဈေးကွက်မှာ ရွှေဈေးက ကျပ် ၇၈ သိန်းကျော်အထိ ဈေးပေါက်နေပေမဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရွှေရည်ညွှန်းကတော့ တစ်ကျပ်သားကို ကျပ် ၅,၈၀၀,၀၀၀ သာ သတ်မှတ်ထားတာကြောင့် ကျပ်သိန်း ၂၀ ကျော်ထိ ကွာဟချက်ရှိနေပါတယ်။
တစ်အောင်စကို အမေရိကန် ဒေါ်လာ ၃၃၇၀ ဝန်းကျင်မှာ ဈေးပိတ်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဇွန် ၅ ရက် ညနေပိုင်းမှာ တစ်အောင်စကို အမေရိကန် ဒေါ်လာ ၃၄၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့တာပါ။
ဒါကြောင့် ကမ္ဘာဈေးနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်း လိုက်ပါမြင့်တက်လာတာဖြစ်ပေမဲ့ မနေ့ ညပိုင်းမှာပဲ ကမ္ဘာရွှေဈေးက ၃၃၈၀ ဒေါ်လာဝန်းကျင်ထိ ပြန်လည် လျော့ကျလာပါတယ်။
အမေရိကန်ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်းကတော့ တစ်ဒေါ်လာကို ကျပ် ၄၄၄၀ အထိ ပြန်တက်ရိပ်ပြနေပါတယ်။
လက်ရှိ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးမတည်ငြိမ်မှုတွေအရ ရွှေမှာ ပိုပြီးရင်းနှီးမြှုပ်နှံလာကြတာကြောင့် ကမ္ဘာ့ရွှေဈေးက အတက်အကျ ၊ အလှုပ်အခတ် များနေတာလို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ် ပါတယ်။