
စင်ကာပူမှာ ရှန်ဂရီလာဒိုင်ယာလော့ ဆွေးနွေးပွဲပြီးသွားတော့ တရုတ်နဲ့ အမေရိကန် ကိုယ်စားလှယ်တွေကြား အပြန်အလှန် အသံလေးတွေ ထွက်လာတယ်။ ဒီပွဲကို အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် ပိဟက်ဆက် တက်ရောက်တယ်။ ပိဟက်ဆက် ဆိုတာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရွေးချယ်ခန့်ထားတဲ့ အသက် ၄၅ နှစ်သာ ရှိသေးတဲ့ အမေရိကန် အမျိုးသားအစောင့်တပ် အရာရှိဟောင်း။ ငယ်ရွယ်ပြီး ပြတ်သားတဲ့ စကားတွေ ပြောတတ်ပေမဲ့ ပထဝီနိုင်ငံရေးကိုတော့ သိပ်ကျေညက်ပုံမရဘူး။ ကာကွယ်ရေးဝန်ကြီး ရာထူးအတွက် ဆီးနိတ်ကြားနာစစ်ဆေးပွဲတုန်းက အထက်လွှတ်တော်အမတ် အမျိုးသမီး ဒတ်ဝပ်က အာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ အမည်ကို ပြောပါဆိုတော့ မပြောနိုင်ဘဲ တောင်ကိုးရီးယား၊ ဂျပန်၊ အောကပ်စ်အဖွဲ့အကြောင်းတွေကို စကားလမ်းကြောင်းလွှဲ ဖြေခဲ့ရသူပါ။
ခုတော့ သူက အာဆီယံကို ရောက်လာခဲ့ပါပြီ။ စင်ကာပူက နှစ်စဉ်နှစ်တိုင်းဆိုသလို ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲ ကျင်းပလေ့ရှိပြီး အာရှ-ပစိဖိတ်ဒေသက ကာကွယ်ရေးဝန်ကြီး အဆင့်ရှိသူတွေ၊ ကာကွယ်ရေးဦးစီးချုပ်တွေ တက်ရောက်လေ့ရှိတယ်။ ကမကထပြုလုပ်တာက (IISS) နိုင်ငံတကာမဟာဗျူဟာလေ့လာရေး အင်စတီကျုပါ။ ဒီနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ကို အင်ဒို-ပစိဖိတ် ၄၇ နိုင်ငံက ကာကွယ်ရေးဝန်ကြီးတွေနဲ့ ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းအဆင့်ပုဂ္ဂိုလ်တွေ တက်ရောက်ကြခဲ့ကြတယ်။
ဒီနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ ဆွေးနွေးပွဲကို အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက် တက်ရောက်ခဲ့ပေမဲ့ တရုတ်ကတော့ တရုတ်လွတ်မြောက်ရေးတပ်မတော် အမျိုးသားကာကွယ်ရေးတက္ကသိုလ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရေတပ်ဗိုလ်ချုပ်အဆင့်ရှိ ဟူဂန်ဖန်း ကိုသာ စေလွှတ်ခဲ့တယ်။ ၂၀၁၉ ခုနှစ်နောက်ပိုင်း နှစ်စဉ် တရုတ်ကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့ပေမဲ့ ဒီနှစ်မှာ တရုတ်ဘက်က အဆင့်လျှော့ချလိုက်တဲ့ သဘောလို့ ဆိုနိုင်တယ်။ ဒါပေမဲ့ တရုတ်ဘက်ကတော့ ဒီလိုရည်ရွယ်တာမဟုတ်ပါဘူးလို့ ငြင်းတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ဒီပွဲမှာ အမေရိကန်အနေနဲ့ အင်ဒိုပစိဖိတ်နိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့ ကတိပြုခဲ့ပြီး ဒီဒေသမှာ တရုတ်ရဲ့ ဗိုလ်ကျလွှမ်းမိုးမှုနဲ့ ခြိမ်းခြောက်မှုတွေ ရှိနေကြောင်းနဲ့ တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေကို စီးပွားရေး၊ စစ်ရေးအရ ဩဇာထူထောင်ဖို့ ကြိုးပမ်းနေသလို ထိုင်ဝမ်ကိုလည်း သိမ်းပိုက်ဖို့ ပြင်ဆင်နေကြောင်း၊ တရုတ်က ထိုင်ဝမ်ကို သိမ်းပိုက်ရင် အမေရိကန်က လက်ပိုက်ကြည့်နေမှာ မဟုတ်ကြောင်း၊ တရုတ်ဟာ တောင်တရုတ်ပင်လယ်ပြင်မှာလည်း ဗိုလ်ကျလွှမ်းမိုးနေကြောင်း၊ တရုတ် ရေတပ်သင်္ဘောတွေက ဖိလစ်ပိုင် ရေတပ်သင်္ဘောကို ရန်စနေတာတွေကို တွေ့နေရကြောင်း မိန့်ခွန်းထဲမှာ ပြောသွားခဲ့တယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ဟာ ဒီအစည်းအဝေးမှာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်ဒေသအပေါ် သဘောထား၊ အမေရိကန်ရဲ့ ကာကွယ်ရေးမူဝါဒနဲ့ ထရမ့်ပ်ရဲ့ အမေရိကန် နံပါတ်တစ် မူဝါဒတွေကို အမွှမ်းတင် ပြောကြားသွားခဲ့တယ်။ အမေရိကန်ဟာ အင်အားနဲ့ ငြိမ်းချမ်းရေး တည်ဆောက်သွားမှာဖြစ်ပြီး ပဋိပက္ခရှောင်ရှားရေးကို ဦးစားပေးမယ်လို့ ဆိုတယ်။ အာဏာရှင်အစိုးရ အပြောင်းအလဲနဲ့ နိုင်ငံတည်ဆောက်ရေး အကြောင်းပြစစ်ပွဲတွေကို စိတ်ကုန်သွားပြီ။ သူကိုယ်တိုင် အီရတ်နဲ့ အာဖဂန်နစ္စတန်စစ်မြေပြင် ရှေ့တန်းမှာ ပါဝင်ခဲ့ဖူးပြီး သင်ခန်းစာတွေ ရရှိခဲ့တယ်လို့ ဆိုတယ်။
စင်ကာပူနိုင်ငံသေးသေးလေးကိုလည်း ချီးကျူးသွားပြီး စင်ကာပူခေါင်းဆောင် လီကွမ်ယုနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ်တို့ဟာ မျိုးချစ်စိတ်နဲ့ နိုင်ငံထူထောင်ရာမှာ တူညီကြောင်းလည်း ထည့်ပြောသွားတယ်။ (တကယ်တော့ လီကွမ်ယုနဲ့ ထရမ့်ပ် အားလုံးမတူပါဘူး)။ စနေနေ့မှာ ပိဟက်ဆက် မိန့်ခွန်းပြောပြီး နောက်တရက်မှာတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပိဟက်ဆက် ပြောတာတွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာတယ်။
ထိုင်ဝမ်နဲ့ပတ်သက်ပြီး ပိဟက်ဆက်ရဲ့ ပြောဆိုချက်တွေဟာ တရုတ်ကို ဩဇာလွှမ်းမိုးဖို့ ကြိုးစားတာ ဖြစ်ကြောင်း၊ ဒီနေ့ကမ္ဘာမှာ အမေရိကန်လို နိုင်ငံတခုရဲ့ ဗိုလ်ကျ အနိုင်ကျင့်မှုမျိုး ဘယ်နိုင်ငံမှ လက်မခံတော့ကြောင်း၊ ထိုင်ဝမ် အမည်ကို အသုံးပြုပြီး အမေရိကန်ဟာ ဒေသတွင်းမှာ ပြဿနာဖြစ်အောင် ဖန်တီးနေကြောင်း၊ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းတခုဖြစ်ပြီး အမေရိကန်အနေနဲ့ ထိုင်ဝမ် လွတ်လပ်ရေးကြိုးပမ်းမှုအပေါ် ထောက်ခံအားပေးမှု ရပ်ဆိုင်းရမှာ ဖြစ်ကြောင်းနဲ့ တရုတ်တနိုင်ငံတည်း မူဝါဒအပေါ် ခိုင်ခိုင်မာမာရှိဖို့လိုကြောင်း ကြေညာချက်မှာ ဖော်ပြထားတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ လှုံ့ဆော်ရန်စမှုတွေဖြစ်ပြီး ဒီဒေသရဲ့ ငြိမ်းချမ်းတည်ငြိမ်မှုကို တမင်ဖျက်ဆီးနေတာဖြစ်တယ်လို့လည်း ဆိုတယ်။ အလားတူ အစည်းအဝေး တက်ရောက်နေတဲ့ တရုတ်ကိုယ်စားလှယ် ရေတပ်ဗိုလ်ချုပ် ဟူဂန်ဖန်းကလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ ‘အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေသာ’ ဖြစ်တယ်လို့ တွေ့ဆုံမေးမြန်းခန်းမှာ ဖြေကြားခဲ့တယ်။
ဒီအစည်းအဝေးမှာ ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီယိုဒိုရိုကလည်း တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ကျူးကျော်မှုတွေကို ထုတ်ဖော်ပြောဆိုခဲ့တယ်။ သူက တရုတ် စစ်ဘက်ကိုယ်စားလှယ်တွေနဲ့ ပြောဆိုဆွေးနွေးရာမှာ ဝါဒဖြန့်ချိရေးစကားတွေသာ ပြောတတ်တဲ့အတွက် စိတ်ပျက်စရာကောင်းတယ်လို့ ဆိုတယ်။
စင်ကာပူမှာ ရှိတဲ့ တရုတ်သံရုံး ဖေ့စ်ဘွတ်ခ်ကလည်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးရဲ့ ပြောဆိုချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ရေးသားခဲ့သလို တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်လို့ သမိုင်းနဲ့ချီပြီး တရုတ်က ပိုင်ဆိုင်ခဲ့ပုံကို အကျယ်တဝင့် ရေးသားထားတယ်။ တရုတ်လူမျိုးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက ဒီဒေသမှာ အခြေချမှုတွေရှိခဲ့ပြီး ဥပဒေအရရော သမိုင်းကြောင်းအရပါ အချုပ်အခြာနယ်မြေနဲ့ ရေပြင်ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ဆိုတယ်။ တဆက်တည်းမှာပဲ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဒီဒေသမှာ တရုတ်ဟာ အတတ်နိုင်ဆုံး ပဋိပက္ခရှောင်ရှားပြီး နေတယ်လို့ ဆိုတယ်။
ဒီအချိန်မှာ ပြင်ပအင်အားကြီးနိုင်ငံတချို့က တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ သွားလာခွင့် စောင့်ရှောက်ဖို့ အကြောင်းပြချက်နဲ့ ဝင်ရောက်စွက်ဖက်လာကြောင်း၊ ဒါဟာ ငြိမ်းချမ်းတဲ့ တောင်တရုတ်ပင်လယ်ကို ခြိမ်းခြောက်မှု ဖြစ်ကြောင်း၊ ပြင်ပအင်အားကြီး နိုင်ငံတချို့ဟာ ဒေသတွင်း မဟာမိတ်တွေကို လက်နက်တပ်ဆင်ပေးတာ၊ ပူးတွဲစစ်ရေးလေ့ကျင့်တာ၊ တရုတ်ပိုင်ကျွန်းတွေနဲ့ သန္တာကျောက်တန်းတွေကို အနီးကပ်ထောက်လှမ်းတာ၊ စစ်ဖြစ်လာအောင် ဖန်တီးအမြတ်ထုတ်နေတယ်လို့ တရုတ်သံရုံးဖေ့ဘွတ်ခ်မှာ ရေးသူ အမည်မပါဘဲ ဖော်ပြထားတယ်။
ဒီလအစောပိုင်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဖိလစ်ပိုင်ကို တောင်တရုတ်ပင်လယ်အတွင်း ရန်စလှုံ့ဆော်မှုတွေ မပြုလုပ်ဖို့ တိုက်တွန်းခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေကလည်း အမေရိကန်ဟာ ဒီနေရာမှာ ပြဿနာမဖြစ် ဖြစ်အောင် ဖန်တီးနေတယ်လို့ မကြာခဏ စွပ်စွဲပြောဆိုနေခဲ့တယ်။
ရှန်ဂရီလာ အစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ် ဗိုလ်မှူးကြီးတယောက်က အခု ဥရောပမှာ ဖြစ်ပွားနေတဲ့ ယူကရိန်း-ရုရှားစစ်ပွဲဟာ နျူကလီးယား အင်အားကြီးနှစ်နိုင်ငံရဲ့ ကြားခံစစ်ပွဲဖြစ်ပြီး ပြီးဆုံးဖို့ လိုအပ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောခဲ့ကြောင်း၊ အမေရိကန်ဟာ ဖိလစ်ပိုင်ကို လက်နက်တွေ တင်ပို့နေပြီး စစ်စခန်းတွေလည်း တည်ဆောက်နေကြောင်း၊ ဥရောပမှာ ဖြစ်နေတဲ့ ကြားခံစစ်ပွဲ ပြီးဆုံးဖို့ လိုအပ်တယ်ဆိုရင် အာရှမှာရော ကြားခံစစ်ပွဲဖြစ်ဖို့ လိုအပ်သလားလို့ မေးခဲ့တယ်။
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးက ဝါဒဖြန့်ချိရေးပုံစံနဲ့ မေးလာတဲ့ မေးခွန်းကို ဖြေကြားမှာ ဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်မှာ ၁၉၉၅ ခုနှစ်တုန်းက တံငါသည်တွေ ခိုနားတဲ့ ကျွန်းခုံလေးဟာ အခုဆိုရင် တရုတ်စစ်တပ်က အခိုင်အမာတည်ဆောက် စခန်းချနေတဲ့ကျွန်း ဖြစ်လာကြောင်း၊ တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုရင် ဖိလစ်ပိုင်က နိုင်ငံတကာဥပဒေနဲ့ ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေ လုပ်ပိုင်ခွင့်တွေအရ လုပ်ဆောင်နေတာကို တရုတ်က ဘာလို့ ဆန့်ကျင်ကန့်ကွက်နေတာလဲ။ ဒါက ကျနော်တို့ တဦးတည်း မဟုတ်ဘူး။ ဘယ်နိုင်ငံမှ တရုတ်နဲ့ သဘောမတူသလို နယ်မြေတည်ရှိမှုနဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို ခြိမ်းခြောက်လာတဲ့ အခြေအနေမှာ တရုတ်ကို ဆန့်ကျင်တဲ့ ဖိလစ်ပိုင်ဘက်က အားလုံးက ရပ်တည်ထောက်ခံနေကြတယ်လို့ ပြောဆိုသွားခဲ့တယ်။
တရုတ်နိုင်ငံဟာ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်ဝမ် အစရှိတဲ့ နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ တောင်တရုတ်ပင်လယ်ပြင်တခုလုံးကို သူ ပိုင်ဆိုင်တယ်လို့ ကြေညာထားတယ်။ နိုင်ငံတကာ ဥပဒေခုံရုံးရဲ့ ၂၀၁၆ ခုနှစ် ဆုံးဖြတ်ချက်အရ သမိုင်းမြေပုံကို အခြေခံပြီး တောင်တရုတ်ပင်လယ်ပြင်ကို တရုတ်က ပိုင်ဆိုင်ပါတယ်ဆိုတဲ့ အချက်ဟာ နိုင်ငံတကာဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို တရုတ်က လက်မခံဘဲ ကန့်ကွက်ထားတယ်။
ဒီနှစ် ရှန်ဂရီလာ ဒိုင်ယာလော့ဟာ အမေရိကန်နဲ့ တရုတ်အကြား ထိုင်ဝမ်အရေး၊ တောင်တရုတ်ပင်လယ် အရေးတို့ကို အကြောင်းပြုပြီး သိသာထင်ရှားတဲ့ တင်းမာမှုတွေ ဖြစ်ခဲ့တဲ့ ဆွေးနွေးပွဲလို့ ဆိုရမယ်။
Ref: China slams Hegseth speech, accuses US of seeking to use Taiwan issues as leverage against China. CNA.