
အမေရိကန်အစိုးရဟာ ကျောင်းသားဗီဇာ လျှောက်ထားသူတွေရဲ့ လူမှုကွန်ရက်အကောင့်တွေကို စိစစ်မှု တိုးချဲ့ဖို့ ပြင်ဆင်နေချိန်မှာ ကမ္ဘာတဝန်းက ကျောင်းသားဗီဇာ အင်တာဗျူးတွေကို ယာယီဆိုင်းငံ့လိုက်ပါတယ်။ တရုတ်ကျောင်းသားဗီဇာတွေကို တင်းတင်းကျပ်ကျပ် ရုပ်သိမ်းမယ် လို့လည်း ထပ်မံကြေညာထားပါတယ်။
တချိန်တည်းမှာပဲ ဂျူးမုန်းတီးရေးတွေ ခိုအောင်းနေတယ်၊ အယူအဆရေးရာ ဘက်လိုက်မှုတွေ ရှိတယ်ဆိုပြီး ဟားဗတ်တက္ကသိုလ် အပါအဝင် အမေရိကန်တက္ကသိုလ်ကြီးတွေအတွက် ပြည်ထောင်စုရန်ပုံငွေတွေ ဒေါ်လာဘီလီယံချီ ဆိုင်းငံ့ထားပါတယ်။ ကျောင်းသားဗီဇာ၊ ပညာရေးလွတ်လပ်ခွင့်နဲ့ အမေရိကရဲ့ ကမ္ဘာ့ဂုဏ်သတင်းတွေကို ကျောင်းဝင်းတွေ၊ တရားရုံးတွေနဲ့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ အစမ်းသပ်ခံနေရတဲ့ကာလလည်း ဖြစ်ပါတယ်။
ဒါဟာ တကယ်ပဲ အမျိုးသားလုံခြုံရေးအတွက်လား၊ အတိုက်အခံအသံတွေကို နှုတ်ဆိတ်ဖို့လား၊ အမုန်းတရားကို အမြစ်ဖြုတ်ဖို့လား၊ ပညာရေးကို နိုင်ငံရေးအတွက် အသုံးချဖို့ ရည်ရွယ်နေတာလား ဆိုတာသုံးသပ် တင်ပြပေးမှာဖြစ်ပါတယ်။
အပိုင်း (၁)
ဗီဇာဆိုင်းငံ့မှု ဘယ်လိုသက်ရောက်နိုင်သလဲ
နိုင်ငံတကာ ကျောင်းသားဗီဇာ၊ ကျောင်းသားလဲလှယ်ရေးဗီဇာအတွက် အင်တာဗျူးသစ် စီစဉ်မှုတွေ ရပ်ဆိုင်းထားဖို့ မေ ၂၇ ရက်မှာ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက အမေရိကန်သံရုံးတွေ အားလုံးကို ညွှန်ကြားချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒီရပ်ဆိုင်းမှုဟာ နောက်ထက်လမ်းညွှန်ချက် မထုတ်မချင်း တည်မြဲမှာဖြစ်ပါတယ်။ ကျောင်းသားဗီဇာ လျှောက်ထားသူ အားလုံးရဲ့ လူမှုကွန်ရက် စိစစ်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဖို့ရှိတဲ့အတွက် အခုလို ဆိုင်းငံ့ထားတာလို့ ဆိုပါတယ်။ အရင် ကြိုတင်ချိန်းဆိုပြီးသား အင်တာဗျူးတွေတော့ ဆက်လုပ်နိုင်မှာပါ။
ဒါဟာ နှောင့်နှေးမှုတခု သက်သက်မဟုတ်ဘဲ လုံးဝ လမ်းဆုံးသွားမှာကို ကျောင်းသားအများစုက စိုးရိမ်နေကြပါတယ်။ အိန္ဒိယကနေ နိုင်ဂျီးရီးယားအထိ၊ ဘရာဇီးကနေ ထိုင်းနိုင်ငံအထိ၊ မျှော်လင့်ချက်ကြီးတဲ့ ပညာတော်သင်တွေဟာ မရေရာမှုတွေ၊ စိုးရိမ်မှုတွေ၊ စီစဉ်ထားတဲ့ ဆောင်းဦးရာသီအတန်း နောက်ဆုံးသတ်မှတ်ရက် မမီတော့မှာတွေ ရင်ဆိုင်နေရပါတယ်။
စာရင်းဇယားတွေအရ ၂၀၂၃ ခုနှစ် အမေရိကန်မှာ တက်ရောက်သင်ကြားတဲ့ နိုင်ငံခြားသား ကျောင်းသား ၁ ဒသမ ၃ သန်း ရှိခဲ့ပြီး လက်ရှိမှာလည်း ၁ သန်းကျော် ရှိနေတယ်လို့ ခန့်မှန်းထားကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ပြီးတော့ ခင်ဗျားတို့ တွေ့တဲ့အတိုင်းပဲ ဒီလူတွေပဲ ပိတ်ဆို့ဆန္ဒပြ၊ အမေရိကန်ကို အော်ဟစ်နေတာ၊ သိတဲ့အတိုင်းပဲ သူတို့တွေက ဂျူးဆန့်ကျင်ရေးသမားတွေ ဒါမှမဟုတ် တခုခုပဲလေ။ ကျုပ်တို့ ဒီမှာ ပြဿနာရှာတဲ့သူတွေ မလိုချင်ဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ၂၈ ရက်နေ့မှာတော့ နိုင်ငံတွင်းမှာ သင်ကြားနေတဲ့ တရုတ်ကျောင်းသားတွေရဲ့ ဗီဇာတွေကို ပြင်းပြင်းထန်ထန် ရုပ်သိမ်းသွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထပ်မံထုတ်ပြန်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်စပ်နေသူတွေ၊ အရေးကြီးတဲ့နယ်ပယ်တွေမှာ သင်ကြားနေတဲ့သူတွေ ပါဝင်မှာဖြစ်တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။ အမေရိကန်မှာ တရုတ်ကျောင်းသား အရေအတွက် ၃ သိန်းလောက် ရှိနေတယ်လို့ ခန့်မှန်းပါတယ်။
အပိုင်း (၂)
လူမှုကွန်ရက် ပိုက်ကွန်မှာ ဘယ်သူတွေ မိနိုင်သလဲ
အမေရိကန်ဗီဇာဖောင်တွေမှာ ဘယ်လူမှုကွန်ရက်အကောင့်တွေ သုံးစွဲတယ်ဆိုတာ ထည့်သွင်း ဖော်ပြပေးရတာကတော့ ၂၀၁၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
ဒါပေမဲ့ နိုင်ငံခြားရေးဝန်ကြီးရဲ့ ညွှန်ကြားချက်မှာတော့ ကျောင်းသားတွေအတွက် မဖြစ်မနေ စိစစ်မှုအဖြစ် တိုးမြှင့်သတ်မှတ်ထားသလို မွတ်စလင်လူများစု နိုင်ငံတွေ၊ ထောက်လှမ်းရေး မိတ်ဖက်တွေက သတိထားရမယ်လို့ ဖော်ပြထားတဲ့ နိုင်ငံတွေက လူတွေကို အဓိက စိစစ်မှာ ဖြစ်ပါတယ်။
အခုအခါမှာ လိမ်လည်မှုကာကွယ်ရေးယူနစ် Fraud Prevention Unit ဟာ ရွေးချယ်စစ်ထုတ်လိုက်တဲ့ လျှောက်ထားသူတွေရဲ့ အွန်လိုင်းလှုပ်ရှားမှုတွေ၊ Like တွေ၊ Share တွေ၊ comment တွေ၊ Emoji တွေ အထိပါ စိစစ်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ပါလက်စတိုင်းကို ထောက်ခံတဲ့ အကြောင်းအရာတို့၊ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ဝေဖန်ထားတာတို့ ဆိုရင် ပြဿနာရှိလာနိုင်တယ်လို့ပါ သုံးသပ်နေကြပါတယ်။
လက်ရှိမှာလည်း တက်ရောက်သင်ကြားနေသူတွေထဲက ဗီဇာရုပ်သိမ်းခံရသူတွေ အများအပြား ရှိလာခဲ့ပါပြီ။ ဥပမာပြောရရင် ကိုလံဘီယာတက္ကသိုလ်က ပါလက်စတိုင်း ဘွဲ့လွန်ကျောင်းသား မာမွတ်ခါလီဟာ ဂရင်းကတ် ဆုံးရှုံးခဲ့ရပါတယ်။ တူရကီက ဖူးလ်ဘရိုက် စကော်လာကျောင်းသူ ရူမေဆာ အော့ဇ်တက်ခ်ဟာ ကျောင်းတွင်းသတင်းစာ ဆောင်းပါးတပုဒ်မှာ အစ္စရေးနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတာတွေ ပြန်ထုတ်ဖို့ တိုက်တွန်းရေးသားခဲ့တာကြောင့် ထိန်းသိမ်းခံခဲ့ရပါတယ်။
လက်ရှိစစ်ဆေးမှုဟာ နောက်ကြောင်းစစ်ဆေးတာသက်သက် မဟုတ်တော့ဘဲ နိုင်ငံရေးအရ ဘယ်လိုရပ်တည်တယ်ဆိုတာ ဖော်ထုတ်တဲ့ political profiling ပုံစံမျိုး ဖြစ်လာတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒါဟာ အမေရိကန်အခြေခံဥပဒေအရ ကာကွယ်ပေးထားတဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် အတွက် ပြစ်ဒဏ်ပေးခံရသလို ဖြစ်လာတယ်လို့လည်း သုံးသပ်နေကြပါတယ်။
သမိုင်းပညာရှင်နဲ့ ဖလော်ရီဒါအတ္တလန်တစ် တက္ကသိုလ် တွဲဖက်ပါမောက္ခ နီကိုးလ် အန်ဆလိုဗာက “ဝန်ကြီး နူးမ်ရဲ့ စာမှာရော မကြာသေးမီက ကြေညာချက်မှာရော အဲဒီအချက်ကို ပြောထားပါတယ်။ အတိအကျ ကိုးကားပြောတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဟားဗတ်က အတိုက်အခံတွေ၊ ဂျူးဆန့်ကျင်ရေးတွေ ပေါက်ဖွားရာနယ်မြေ ဖြစ်နေတယ်တဲ့၊ ဒီနေရာက တနည်းနည်းနဲ့ အနာဂတ် အကြမ်းဖက်သမားတွေ ခိုလှုံရာ ဖြစ်နေတယ်လို့ ပြောထားတာရှိတယ်။ အဲဒါကြောင့် သူတို့တွေက တခြားဌာနတွေနဲ့ မကိုင်တွယ်ဘဲနဲ့ အမိမြေလုံခြုံရေးဌာနကတဆင့် သွားတာပေါ့လေ။ ဟားဗတ်က နိုင်ငံတကာကျောင်းသားတွေက အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးအတွက် တနည်းနည်းနဲ့ ခြိမ်းခြောက်မှု ဖြစ်လာတယ်ပေါ့။ ဒါက လုံးဝကို သာဓကဖြစ်စဉ်လည်း မရှိဘူးတဲ့ ကိစ္စပါ” လို့ ပြောပါတယ်။
အပိုင်း (၃)
အဓိက ပစ်မှတ် - ဟားဗတ်
ဧပြီလ အစောပိုင်းမှာ သမ္မတ ထရမ့်ပ်ဟာ ဟားဗတ်တက္ကသိုလ်ရဲ့ နိုင်ငံတကာကျောင်းသားနဲ့ သုတေသနပညာရှင် လက်ခံပိုင်ခွင့်ကို ရုပ်သိမ်းခဲ့ပါတယ်။ အဲဒီမတိုင်မီကလည်း ပြည်ထောင်စုထောက်ပံ့ကြေး ဒေါ်လာ ၂ ဒသမ ၆၅ ဘီလီယံအထိ ဆိုင်းငံ့ထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာလည်း ပြည်ထောင်စုအေဂျင်စီအားလုံး ဟားဗတ်နဲ့ စာချုပ်တွေ ဖျက်သိမ်းထားခြင်း ရှိ မရှိ စိစစ်ဖို့ ညွှန်ကြားထားပါတယ်။ ဟားဗတ်နဲ့ အစိုးရဌာနတွေကြား စာချုပ် ၃၀ လောက်ရှိပြီး ဒေါ်လာ သန်း ၁၀၀ လောက် တန်ဖိုးရှိမယ်လို့ ခန့်မှန်းထားပါတယ်။
အကြောင်းပြချက်ကတော့ ဟားဗတ်ရဲ့ သင်ရိုး၊ ကျောင်းဝင်ခွင့်နဲ့ ဝန်ထမ်းခန့်အပ်မှု မူဝါဒတွေ ပြုပြင်ပြောင်းလဲဖို့ အိမ်ဖြူတော်ရဲ့ လမ်းညွှန်ချက်တွေကို မလိုက်နာလို့ ဆိုပြီးတော့ ဖြစ်ပါတယ်။
ဟားဗတ်တက္ကသိုလ်ဟာ အမုန်းတရားနဲ့ မိုက်မဲမှုကို လှုံ့ဆော်ပေးနေပြီးတော့ လမ်းပျောက်နေပြီလို့ သမ္မတ ထရမ့်ပ်က မှတ်ချက်ချခဲ့ပါတယ်။
သမိုင်းပညာရှင်နဲ့ ဖလော်ရီဒါအတ္တလန်တစ် တက္ကသိုလ် တွဲဖက်ပါမောက္ခ နီကိုးလ် အန်ဆလိုဗာက “ဒါက ဟားဗတ်တက္ကသိုလ်အပေါ် ဘယ်လိုသက်ရောက်မလဲဆိုတော့ အများကြီး သက်ရောက်တာပေါ့။ သူတို့ကျောင်းဝင်အရေအတွက် ၂၅ ရာခိုင်နှုန်းလောက်က နိုင်ငံတကာ ကျောင်းသားတွေလေ။ ဝန်ကြီး နူးမ်း ထောက်ပြတာကတော့ ဟားဗတ်က အရမ်းချမ်းသာတယ်တဲ့၊ ကျောင်းလခမရလည်း အဆင်ပြေတယ်တဲ့၊ သူတို့မှာ ငွေပဒေသာပင်ရှိ စိုက်ထားတယ်ပေါ့။ ဒါကြောင့် ရှင်းအောင်ထောက်ပြချင်တာက ကျောင်းလခဒေါ်လာတွေက ငွေပဒေသာပင်ထဲ မဝင်ဘူး။ ကျောင်းလခပိုက်ဆံက ကျောင်းသားအထောက်အပံ့တို့၊ ကျောင်းသားပရိုဂရမ်တို့၊ ဝန်ထမ်းလစာတို့၊ တက္ကသိုလ်ဌာနတွေဆီသွားတာ။ ကျောင်းလခ ဆုံးရှုံးလို့ ဟားဗတ်ငွေပဒေသာပင်ကို မထိဘူး၊ ကောင်းသားတွေ၊ ဌာနတွေ အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေကို စောင့်ရှောက်နိုင်စွမ်းကို ထိခိုက်မှာ” လို့ ပြောပါတယ်။
ဟားဗတ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ရိုင်ယန်အီနို့စ်က “ဒေါ်နယ်ထရမ့်ပ်က ကျနော်တို့ကို အရမ်းအာရုံစိုက်နေတာကို အံ့ဩကောင်း အံ့ဩနေကြမယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမဲ့ ဟားဗတ်ကို သူတကယ်ဂရုစိုက်တာ မဟုတ်ဘူး။ ဟားဗတ်ကို ဖြိုချင်နေတာ၊ ဘာလို့လဲဆိုတော့ တက္ကသိုလ်တွေဟာ လွတ်လပ်တဲ့ အိုင်ဒီယာတွေ၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်ကို ကိုယ်စားပြုလို့ပဲ။ ဒါကြောင့် သူ့ရှေ့က ရုရှားတို့၊ တူရကီတို့၊ ဟန်ဂေရီတို့လို နေရာတွေက အာဏာရှင်ဆန်တဲ့ အုပ်စိုးသူတွေလိုပဲ ဒေါ်နယ်ထရမ့်ပ်က တက္ကသိုလ်တွေကို တိုက်ခိုက်နေတာ” လို့ ပြောပါတယ်။
ဟားဗတ်တက္ကသိုလ်မှာ အင်မတန်ကြီးမားပြီး နိုင်ငံအချို့ရဲ့ ဂျီဒီပီထက်တောင်များတဲ့ ဒေါ်လာ ၅၃ ဒသမ ၂ ဘီလီယံ ငွေပဒေသာပင် ရှိနေပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ သုံးရတဲ့ လုပ်ငန်းစဉ်က ရှုပ်ထွေးပါတယ်။
ပဒေသာပင် ပိုက်ဆံ ၇၀ ရာခိုင်နှုန်းလောက်ဟာ လှူဒါန်းသူတွေက သတ်မှတ်ထားတဲ့ စကောလားရှစ်၊ သုတေသနနဲ့ ဌာန ရာထူးနေရာတွေ အတွက်ပဲ သုံးရမယ်လို့ ဥပဒေအရကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ပမာဏ အနည်းငယ်လောက်ပဲ လိုအပ်သလို သုံးစွဲနိုင်တာ ဖြစ်ပါတယ်။
ဒါကြောင့် စာရွက်ပေါ်မှာ ဟားဗတ်က အရမ်းချမ်းသာပေမဲ့ ရန်ပုံငွေ တကယ်ရပ်သွားရင် နေ့စဉ် လည်ပတ်မှုတွေ အကြီးအကျယ် ထိခိုက်သွားနိုင်ပါတယ်။
လက်ရှိမှာတော့ ထရမ့်ပ်အစိုးရရဲ့ ဆောင်ရွက်ချက်ဟာ “လက်တုံ့ပြန်မှု၊ အခြေခံဥပဒေနဲ့ မညီညွတ်မှုမျိုး ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ ကောက်ချက်” နဲ့ ပြည်ထောင်စုတရားသူကြီးတဦးက ယာယီဆိုင်းငံ့ပေးထားပါတယ်။
ဒါပေမဲ့ ထရမ့်ပ်က နောက်တဆင့် ထပ်အရေးယူဖို့ ပြင်ဆင်ပါတယ်။ ဟားဗတ်ရဲ့ အခွန်ကင်းလွတ်ခွင့်ရ အဆင့်အတန်းကို ဖယ်ရှားပစ်မယ်လို့ ခြိမ်းခြောက်တာဖြစ်ပါတယ်။
ဒါဟာ အမေရိကန်က ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ တက္ကသိုလ်ကြီးနဲ့ မူဝါဒမတူတဲ့ အစိုးရအကြား ထိပ်တိုက်တိုးမှုသက်သက် မဟုတ်ပါဘူး။ လစ်ဘရယ်ပညာရေးနဲ့ လက်ယာယိမ်း လူပြိန်းကြိုက်ဝါဒ အကြား ကျယ်ပြန့်တဲ့ တိုးတိုက်မှုမှာ ဟားဗတ်က အဓိကသားကောင် ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။ မေးခွန်းထုတ်စရာရှိတာက အမေရိကမှာ ပညာရေးအနာဂတ်ကို ဘယ်သူထိန်းချုပ်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။
သမိုင်းပညာရှင်နဲ့ ဖလော်ရီဒါအတ္တလန်တစ် တက္ကသိုလ် တွဲဖက်ပါမောက္ခ နီကိုးလ် အန်ဆလိုဗာက “နောက်ထပ် အရေးယူတာကတော့ အစိုးရက ဟားဗတ်တက္ကသိုလ်ရဲ့ အခွန်ကင်းလွတ်ခွင့် အဆင့်အတန်းကို ရုပ်သိမ်းဖို့ ကြိုးစားတာပေါ့။ ဒါကလည်း သူတို့ရဲ့ ငွေပဒေသာပင်ကြီးကိုပဲ အခြေခံတာပါပဲ။ အဲဒီလိုဆိုရင် ဟားဗတ်အနေနဲ့ အခွန်တွေအများကြီး ကျသင့်ပြီးတော့ သုတေသနလုပ်ငန်းတွေပါ ထိခိုက်လာမှာပါ” လို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “အခွန်ကင်းလွတ်ခွင့် အဆင့်အတန်းဆိုတာ ကျုပ်ပြောချင်တာက၊ ဒါက အခွင့်ထူးတခုပါ။ တကယ့်အခွင့်ထူးပါ။ ဟားဗတ်တခုတည်း မဟုတ်ဘဲ ဒါကို အလွဲလုပ်နေတာ အများကြီးပဲ။ ဟားဗတ်တခုတည်း မဟုတ်ဘူး။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲ ကြည့်ကြတာပေါ့” လို့ ပြောပါတယ်။
အပိုင်း (၄)
နိုင်ငံတကာကျောင်းသား လျှော့ချရင် ဘာတွေထိခိုက်မလဲ
နိုင်ငံတကာကျောင်းသားတွေဟာ အမေရိကန်စီးပွားရေးမှာ နှစ်စဉ် ဒေါ်လာ ၄၃ ဒသမ ၈ ဘီလီယံ ထောက်ကူပေးနေတယ်လို့ စာရင်းဇယားတွေက ဖော်ပြပါတယ်။
သူတို့အများစုက ကျောင်းလခကို အပြည့်ပေးရတာ ဖြစ်တဲ့အတွက် အမေရိကန်ကျောင်းသားတွေ အတွက် သက်သာအောင် စိုက်ထုတ်ပေးရာ ရောက်ပါတယ်။ AI၊ ဆေးပညာနဲ့ အင်ဂျင်နီယာပညာလို နယ်ပယ်တွေရဲ့ သုတေသနလုပ်ငန်းစဉ်မှာ အမေရိကန်က ထိပ်ဆုံးက ရှိနေအောင် ကူညီပေးနေတာလည်း ဖြစ်ပါတယ်။
ဟားဗတ်ရဲ့ ဘတ်ဂျက်ဆိုရင် ၂၀၂၄ တနှစ်စာ ၆ ဒသမ ၄ ဘီလီယံ ရှိပြီးတော့ အဲဒီအထဲက ၁၆ ရာခိုင်နှုန်းဟာ ပြည်ထောင်စုထောက်ပံ့ကြေးက လာတာဖြစ်ပါတယ်။ ဒါတွေဟာ သုတေသန ထောက်ပံ့ကြေးတွေနဲ့လည်း ဆက်စပ်နေပါတယ်။
ထရမ့်ပ်ရဲ့ တိုက်ခိုက်မှုဟာ ဟားဗတ် တကျောင်းတည်းအပေါ်မှာတော့ မဟုတ်ပါဘူး။ အစိုးရရဲ့ ဂျူးဆန့်ကျင်မှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ဟာ အနည်းဆုံး တက္ကသိုလ် ၆၀ လောက်အပေါ် ထောက်ပံ့မှုတွေကို ပြန်သုံးသပ်နေပါတယ်။
ဝေဖန်သူတွေကတော့ အမေရိကန်အစိုးရရဲ့ လက်ရှိ ကိုင်တွယ်မှုတွေဟာ ဆန္ဒပြဆိုင်းဘုတ်ကို ရှင်းဖို့ ဓာတ်ခွဲခန်းကို မီးရှို့ပစ်လိုက်တာနဲ့ တူနေတယ်လို့ သုံးသပ်ကြပါတယ်။ ဖယ်ဒရယ် ထောက်ပံ့ကြေးတွေ လျှော့ချလိုက်တာဟာ ကင်ဆာသုတေသနကနေ တီထွင်ဆန်းသစ်မှုတွေအထိ ထိခိုက်မှု ရှိလာနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။
ရွှေ့ပြောင်းရေးရာရှေ့နေနဲ့ အမ်မိုရီတက္ကသိုလ် ပါမောက္ခ ချားစ် ကုခ်က “ဒါက ဟားဗတ်တက္ကသိုလ်ကိုချည်းပဲ ရည်ရွယ်တာ မဟုတ်ဘူး။ အဆင့်မြင့်ပညာနယ်ပယ်တခုလုံးကို သတင်းစကားပါးလိုက်တာ။ အဆင့်မြင့်ပညာဌာနတွေ ဘယ်လိုရှိသင့်တယ်ဆိုတဲ့ ဒီအစိုးရက တွေးခေါ်ယူဆထားတဲ့အတိုင်း ကိုက်ညီအောင် တွေးခေါ်ဖို့လိုတယ်ဆိုတာ အသိပေးလိုက်တာ” လို့ ပြောပါတယ်။ ဒါပေမဲ့ ခြုံကြည့်ရင် အမေရိကန်မှာ နိုင်ငံခြားကျောင်းသား ၁ ဒသမ ၂ သန်းကျော်လောက် ရှိပါတယ်။ ဆိုလိုတာက အများကြီးရှိနေပါတယ်။ သူတို့အများစုက ကျောင်းတွေကို အသက်ဆက်ပေးထားတာ။ နိုင်ငံခြားကျောင်းသားတွေက ကျောင်းဝင်းထဲကို ယူလာပေးတာက ဒီမှာရှိတဲ့ အမေရိကန်နိုင်ငံသား ကျောင်းသားတွေနဲ့ နိုင်ငံတကာ ထိတွေ့မှု တခုတည်း မဟုတ်ဘူး။ ကျောင်းလခအပြည့်ပေးရတာကြောင့် ရန်ပုံငွေပါ အကြီးအကျယ် ပံ့ပိုးပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံခြားကျောင်းသားတွေသာ မရှိတော့ရင် တက္ကသိုလ်တိုင်းမှာ အမေရိကန်ကျောင်းသားတွေအတွက် ကျောင်းလခတွေ တက်သွားပါလိမ့်မယ်။ ၁၀၀ ရာခိုင်နှုန်း တက်သွားမှာ” လို့ ပြောပါတယ်။
အပိုင်း (၅)
လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ အစိုးရမူဝါဒ
ထရမ့်ပ်အစိုးရရဲ့ တောင်းဆိုချက်ထဲမှာ အဓိက အချက်တွေကတော့…
- အရှေ့အလယ်ပိုင်း လေ့လာမှုဆိုင်ရာ ဌာနတွေကို အလုံးစုံစစ်ဆေးပြုပြင်ပေးဖို့၊
- မတူကွဲပြားမှု၊ သာတူညီမျှမှု၊ အားလုံးပါဝင်မှု ဆိုတဲ့ DEI လှုပ်ရှားမှုတွေကို စောင့်ကြည့် ထိန်းချုပ်ဖို့၊
- တချို့ ပရိုဂရမ်တွေကို ဖယ်ဒရယ်အစိုးရ ကြီးကြပ်မှုအောက်မှာ ထားဖို့ ဖြစ်ပါတယ်။
ကိုလံဘီယာတက္ကသိုလ်ကတော့ လိုက်လျော လက်ခံခဲ့ပေမဲ့ ဟားဗတ်တက္ကသိုလ်ကတော့ တင်းခံနေတာ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝ မဟုတ်ပေမဲ့ အစိုးရတောင်းဆိုချက်အတိုင်း လိုက်နာ ဆောင်ရွက်ပေးခဲ့ပါသေးတယ်။
ကိုလံဘီယာတက္ကသိုလ်ကို အမျိုးသားကျန်းမာရေးဌာနက ပေးအပ်တဲ့ ထောက်ပံ့ကြေး သန်း ၄၀၀ ကျော် ရပ်ဆိုင်းခဲ့တဲ့အတွက် အယ်လ်ဇိုင်းမား၊ ဆီးချို၊ သားသည်မိခင်ကျန်းမာရေး သုတေသနတွေအတွက် သက်ရောက်မှု ရှိခဲ့ပါတယ်။
USAID အထောက်အပံ့တွေ ပျောက်သွားတဲ့အတွက် ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်က အလုပ်အကိုင် ၂,၂၀၀၀ ကျော် လျှော့ချခဲ့ရပါတယ်။ ဖူးလ်ဘရိုက် စကောလားရှစ်နဲ့ စကော်လာ လဲလှယ်ရေး အစီအစဉ်တွေပါ မရေမရာ ဖြစ်လာပါတယ်။ ဒါဟာ ကြွေးကြော်သံတွေကို ထိခိုက်တာမဟုတ်ဘဲ သိပ္ပံပညာကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ အပြစ်ပေးမှု တရပ်ပဲလို့ ယေးလ်တက္ကသိုလ် ပါမောက္ခ မီဂန် အိုရူကီက သုံးသပ်ပါတယ်။
သမိုင်းပညာရှင်နဲ့ ဖလော်ရီဒါအတ္တလန်တစ် တက္ကသိုလ် တွဲဖက်ပါမောက္ခ နီကိုးလ် အန်ဆလိုဗာက “ဟားဗတ်နဲ့ တခြားတက္ကသိုလ်တွေကို သူတို့လုပ်တဲ့ဟာက ဌာနတွေရော ကျောင်းသားတွေကိုပါ အမြင်ရှုထောင့် စစ်တမ်းကောက်တာပါ။ အိုင်ဒီယိုလိုဂျီ ယုံကြည်မှုတွေ၊ နိုင်ငံရေးလှုပ်ရှားမှုတွေကို သိအောင်လို့ပေါ့။ ဒါမျိုးက အမေရိကန်ပြည်ထောင်စုမှာ မမြင်ရတာ တော်တော်ကြာပါပြီ။ မက်ကာသီဝါဒနဲ့ အနီကြောက်ခေတ်ကာလတုန်းကတော့ လူတွေကို ပိုပြီးတော့ စပ်စုတာမျိုး ရှိခဲ့တယ်၊ ယဉ်ယဉ်ကျေးကျေး ပြောရရင်တော့ လူတွေရဲ့ နိုင်ငံရေးအမြင်တွေနဲ့ လှုပ်ရှားမှုတွေ အကြောင်းပေါ့။ ဒါပေမဲ့ မက်ကာသီဝါဒဟာ တော်တော်ကြီးမားတဲ့ ဆန့်ကျင်ဘက် တုံ့ပြန်မှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ စစ်အေးခေတ်တလျှောက်လုံးရော၊ ၂၁ ရာစုကာလ အများစုမှာပါ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ခွင့် ရှိမှုအတွက် အမေရိကဟာ သူ့ကိုယ်သူ ဂုဏ်ယူခဲ့တာလေ” လို့ ပြောပါတယ်။
ရွှေ့ပြောင်းရေးရာရှေ့နေနဲ့ အမ်မိုရီတက္ကသိုလ် ပါမောက္ခ ချားစ် ကုခ်က “အစိုးရထဲက အများစုက တက္ကသိုလ်တွေကို လစ်ဘရယ်တွေ၊ တိုးတက်ရေးအမြင်ရှိသူတွေ ပေါက်ဖွားရာနေရာ၊ မာဂါ မူဝါဒတွေကို ဆန့်ကျင်သူတွေ စုဝေးရာနေရာလို့ မြင်ကြတယ်။ သူတို့တွေအတွက်တော့ ဒါက သားပေါက်တဲ့နေရာလို့ မြင်တာ၊ ဒါကြောင့် ဒီသားပေါက်တဲ့နေရာကို ဖျက်နိုင်ရင် တိုးတက်ရေး အမြင်ရှိသူတွေ၊ ဆိုလိုတာ အစိုးရရဲ့ အမျိုသားရေးဝါဒနဲ့ မူရင်းနေထိုင်သူကာကွယ်ရေး ဝါဒတွေကို ဆန့်ကျင်တဲ့ ပညာတတ်တွေ အများကြီးမရှိတော့ဘူးပေါ့” လို့ ပြောပါတယ်။
ကျောင်းသားဆန္ဒပြပွဲတွေနဲ့ အတိုက်အခံတွေကို အသံတိတ်စေချင်တဲ့ အစိုးရရဲ့ အားထုတ်မှုဟာ အမေရိကန်ရဲ့ ကမ္ဘာ့ခေါင်းဆောင်မှု အခန်းကဏ္ဍကို ထောက် ‘မ’ ပေးထားတဲ့ သုတေသန နယ်ပယ်ကို နှိမ်နင်းသလို ဖြစ်နေတယ်လို့လည်း ဝေဖန်နေကြပါတယ်။
အခုဖြစ်နေတာက ပိုက်ဆံကိစ္စ သက်သက်တော့ မဟုတ်ပါဘူး။ တက္ကသိုလ်တွေအနေနဲ့ သင်ကြားခွင့်၊ သုတေသနလုပ်ခွင့်၊ အတိုက်အခံလုပ်ခွင့်ဆိုတဲ့ အခွင့်အရေးကို ဆက်ထိန်းထားမလား၊ လွတ်လပ်ခွင့်ဆိုတာ နိုင်ငံရေးအရ နာခံမှုအပေါ်မှာ မှီခိုတဲ့ အခြေအနေအောက်မှာ သွားမလား ဆိုတာ ဆုံးဖြတ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။
အပိုင်း (၆)
ကမ္ဘာက အားကျခဲ့ရတဲ့ ပညာရေး
ဗီဇာ၊ ဟားဗတ်တက္ကသိုလ်နဲ့ အဆင့်မြင့်ပညာရေး လောကရဲ့ ပြဿနာချည်းပဲ မဟုတ်တော့ပါဘူး။ ကျောင်းသားတွေနဲ့ တက္ကသိုလ်တွေကို ပစ်မှတ်ထားတာဟာ လုံခြုံရေးအားကောင်းအောင်၊ နယ်ခြားတွေ အားကောင်းအောင် လုပ်ရုံမဟုတ်ဘဲနဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်၊ ပညာရပ်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့ နယ်ခြားမျဉ်းတွေကို ပြန်လည်ပုံဖော်နေတာ ဖြစ်ပါတယ်။
ဒီကာလဟာ နိုင်ငံတကာကျောင်းသားတယောက်အတွက်တော့ ဗီဇာဆိုင်းငံ့လိုက်လို့ ရှေ့မဆက်နိုင်ဖြစ်ရတဲ့ အခိုက်အတန့်ဖြစ်ပြီး ပါမောက္ခတယောက်အတွက်တော့ သူ့သုတေသန တန်းလန်းနဲ့ ညတွင်းချင်း ရန်ပုံငွေအထောက်အပံ့ ဆုံးရှုံးလိုက်ရတဲ့ အခိုက်အတန့် ဖြစ်နိုင်သလို တက္ကသိုလ်တွေအတွက်တော့ တန်ဖိုး စံနှုန်းတွေကို ကာကွယ်နေရတဲ့ ကာလလည်း ဖြစ်ပါတယ်။
နိုင်ငံရေးဟာ စာသင်ခန်းတွေထဲ ဝင်လာခဲ့ရင်၊ အတိုက်အခံလုပ်မှုဟာ အန္တရာယ်လို့ သတ်မှတ်ခံရရင်၊ သင်ကြားရေးဆိုတာ သစ္စာရှိမှုကို စမ်းသပ်မှုသက်သက် ဖြစ်လာခဲ့ရင် တကယ် ပညာတတ်သွားပြီ ဆိုတာဟာ ကြောက်တတ်သွားတာပဲ ဖြစ်ပါလိမ့်မယ်။
ကမ္ဘာကြီးဟာ အမေရိကတက္ကသိုလ် ကျောင်းပရိဝုဏ်တွေထဲကို လေးစားအားကျစွာ မျှော်ကြည့်ခဲ့တာဟာ ဘွဲ့ဒီဂရီတွေ တခုတည်းအတွက် မဟုတ်ပါဘူး။ အိုင်ဒီယာတွေ၊ ဒိုင်ယာလော့ဂ်တွေ၊ လေ့လာတွေ့ရှိမှုတွေအတွက် ဖြစ်ပါတယ်။ အခုဖြစ်နေတာတွေဟာ အမေရိကရဲ့ အဲဒီအမွေအနှစ်ကို အကောင်းဘက် ပြန်ပုံဖော်မလား၊ အဆိုးဘက်ကို ရောက်သွားစေမလား ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။
စိုင်းခေတ်နွေ