
မန္တလေးတိုင်းအတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ နယ်မြေတွေကို တရုတ်နိုင်ငံသားတွေ အနေနဲ့ မသွားရောက်ကြဖို့ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးက ဇွန် ၃ ရက်ညပိုင်းမှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်ထဲမှာရှိတဲ့ နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာစတဲ့မြို့နယ်တွေမှာ ပြင်းထန်တဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး မြန်မာနိုင်ငံထဲမှာ လုံခြုံရေးအန္တရာယ် မြင့်မားနေတာကြောင့် မြန်မာနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ အနေနဲ့ အဲဒီနေရာကို မသွားကြဖို့နဲ့ အခြေအနေပေးရင် ဒေသခံ တရုတ်လူမျိုး တရုတ်နိုင်ငံသားတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့ နေရာတွေကို အချိန်နဲ့ တပြေးညီ ပြောင်းရွှေ့နေထိုင်ကြဖို့ တရုတ်ကောင်စစ်ဝန်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တကယ်လို့ အဲဒီနေရာတွေမှာ မဖြစ်မနေ နေထိုင်ရမယ် ဒါမှမဟုတ် ခေတ္တ မရွှေ့ပြောင်းနိုင်ရင်လည်း မလိုအပ်ဘဲ အပြင်မထွက်ကြဖို့နဲ့ ဘေးကင်းရေးအတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားဖို့ ညွှန်ကြားထားပြီး အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နေရရင် တရုတ်ကောင်စစ်ဝန်ရုံးကို ဆက်သွယ်ဖို့ လည်း အသိပေးထားပါတယ်။
အဆိုပါ သတိပေးချက်တွေကို မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်လူမျိုးတွေနဲ့ မြန်မာနိုင်ငံကို အလည်လာမယ့်သူတွေ၊ စီးပွားရေးလာလုပ်မယ့်သူတွေကို တရုတ်လူမျိုးတွေ အသုံးများတဲ့ တရုတ် Tiktok ( kuaishou ) ကနေလည်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။
မြင်းခြံခရိုင်မှာ မေ ၁၅ ရက်က စတင်ခဲ့တဲ့ ၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်မြို့နယ်တွေရှိ စစ်ကောင်စီတပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေက တပြိုင်တည်း တိုက်ခိုက်နေတာ ဖြစ်ပါတယ်။