
ခရီးသည်တွေ တင်ဆောင်လာတဲ့ အလုံးစုံလျှပ်စစ်သုံး လေယာဉ်ငယ်တစင်းဟာ ဇွန် ၃ ရက်က နယူးယောက်မြို့ ဂျွန်အက်ဖ်ကနေဒီ လေဆိပ်မှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။
Beta Technologies ကုမ္ပဏီဟာ အမေရိကန်မှာ ပထမဆုံး ခရီးသည်တင်ပျံသန်းမှု အောင်မြင်ခဲ့တဲ့ အလုံးစုံလျှပ်စစ်သုံးလေယာဉ် ဖြစ်လာပါတယ်။
Beta ကုမ္ပဏီရဲ့ ALIA လေယာဉ်ဟာ ယာဉ်မောင်းတယောက်နဲ့ ခရီးသည် ၄ ယောက် လိုက်ပါပြီး ၄၅ မိနစ်ကြာ ပျံသန်းအပြီးမှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လေကြောင်းလိုင်းတွေ အပါအဝင် ပို့ဆောင်ရေးကုမ္ပဏီတွေဟာ ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်တဲ့ လျှပ်စစ်ဘက်ထရီစွမ်းအင်သုံး လေယာဉ်တွေကို မြို့တွင်းခရီးတိုတွေမှာ ယာဉ်ကျောပိတ်ဆို့မှုကို ရှောင်လွှဲနိုင်တဲ့အတွက် သုံးစွဲဖို့ စိတ်ဝင်စားနေကြပါတယ်။
Beta ရဲ့ ALIA လေယာဉ်ဟာ တခါအားသွင်းထားရင် မိုင် ၂၅၀ ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။
မိုးပျံတက္ကစီတွေအတွက် လေ့ကျင့်သင်ကြားရေးနဲ့ လေယာဉ်မှူး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး စည်းမျဉ်းတွေကို အမေရိကန်ပြည်ထောင်စု လေကြောင်းပျံသန်းမှု ကွပ်ကဲရေး (FAA) က ပြီးခဲ့တဲ့နှစ် အောက်တိုဘာမှာ အပြီးသတ်နိုင်ခဲ့ပါတယ်။
အဲဒီလမှာပဲ Beta ကုမ္ပဏီဟာ ထုတ်လုပ်ဖို့၊ လက်မှတ်ရဖို့၊ စီးပွားဖြစ်သုံးစွဲဖို့အတွက် မတည်ရင်းနှီးငွေ ဒေါ်လာ ၃၁၈ သန်း ရှာဖွေနိုင်ခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁ ဘီလီယံနဲ့ လုပ်ငန်း လည်ပတ်နေခဲ့တာ ဖြစ်ပါတယ်။
ဗားမောင့်အခြေစိုက် ဒီကုမ္ပဏီကို ၂၀၁၇ ခုနှစ်ကမှ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters