DVB Logo
Home
မြန်မာသတင်း
ရွာငံ လွှတ်တော်အမတ် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံး 
DVB
·
June 4, 2025
ရွာငံ လွှတ်တော်အမတ် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံး 
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကောင်စီက အိုးဘိုထောင် စစ်ကြောရေးကို ပို့ဆောင်ဖမ်းဆီးထားပြီး ၅ လအကြာမှာ သေဆုံးသွားတယ်လို့  သူနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုယ်စားပြုအဖြစ် ရွာငံမြို့နယ်ကနေ ဝင်ရောက်ရွေးချယ်ခံရင်း ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့် ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမင်းကို စစ်ကောင်စီက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ပြင်ဦးလွင်မြို့က ခြံတခြံမှာ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးပြီးတဲ့နောက် မန္တလေး အိုးဘိုထောင် စစ်​ကြောရေးကို ပို့ဆောင်ခဲ့ပြီး လပိုင်းလောက် မိသားစုတွေနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့ရင်း ၅ လကြာမှ သေဆုံးခဲ့တာကို သိရတယ်လို့ ဆိုပါတယ်။

ဦးအောင်စိုးမင်းရဲ့ မိတ်ဆွေက “သူရှောင်နေတဲ့ ကော်ဖီခြံထဲအထိ ဝင်ဖမ်းသွားတာ။ သူက စစ်ဘေးရှောင်တွေအရေးပဲ လုပ်ပေးနေတာ။ PDF နဲ့လည်း ဘာမှပတ်သက်မှုမရှိဘူး။ အဲဒါ ၅၀၅ နဲ့ ပြင်ဦးလွင်ဘက်မှာ ရှောင်နေချိန် အဖမ်းခံရတာ။ မန္တလေး အိုးဘိုထောင်စစ်ကြောရေးကို ပို့တယ်။ အဲ့မှာကျတယ်ပဲ ထင်ပါတယ်။ သူကျတဲ့အကြောင်း ၄ လပိုင်းလောက်ကတည်းက ကြားပေမဲ့ အတည်မပြုနိုင်သေးဘူး။ အခုတော့ အားလုံးလည်းပြောလာတော့ အတည်ပြုလိုက်တာပါ” လို့ ပြောပါတယ်။

ဦးအောင်စိုးမင်း အနေနဲ့ ဖမ်းဆီးမခံရခင်အချိန်အထိ CRPH ရဲ့ ရှမ်းပြည်နယ် ပြည်သူ့ရေးရာကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရင်း ရှမ်းပြည်နယ်အတွင်းက CDM ဝန်ထမ်းတွေအရေး ဖြေရှင်းပေးခဲ့သလို စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု ထောက်ပံ့ကြေးတွေ ရရှိအောင်လည်း လုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီး ၄ နှစ်တာ ကာလအတွင်း NLD ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်နဲ့ ပါတီဝင် ၁၀၇ ယောက်ကို စစ်ကောင်စီက သတ်ဖြတ်ခဲ့သလို လွှတ်တော်ကိုယ်စားလှယ် ၁၉၅ ယောက်နဲ့ ပါတီဝင် ၂,၄၉၆ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ရွာငံ လွှတ်တော်အမတ် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံး