DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြစ်ကူးတံတား ပြီးစီးခါနီး ဒလမြို့နယ်၌ အိမ်ခြံမြေဈေးတက် 
DVB
·
June 4, 2025
ရန်ကုန်မြစ်ကူးတံတား ပြီးစီးခါနီး ဒလမြို့နယ်၌ အိမ်ခြံမြေဈေးတက် 
Donate to DVB

ရန်ကုန်မြစ်ကူးတံတား တည်ဆောက်ပြီးစီးခါနီး ဒလမြို့နယ်မှာ အိမ်ခြံမြေဈေးတွေပိုတက်လာပေမဲ့ ဈေးမတည်ငြိမ်လို့   ကျပ်သိန်းသောင်းချီရှိတဲ့  မြေကွက်တွေ အရောင်းအဝယ်မဖြစ်ဘူးလို့ အိမ်ခြံမြေဈေးကွက်ကနေ သိရပါတယ်။

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းက လာမယ့် ၄ လအတွင်း ပြီးစီးဖို့ခန့်မှန်းထားကြပြီး တံတားပြီးစီးချိန် နီးလာတာနဲ့အမျှ ဒလမြို့ဘက်ခြမ်းမှာရှိတဲ့ တံတားအဆင်း ဗိုလ်မင်းရောင်လမ်းနဲ့ အနီးတဝိုက်ရှိ အိမ်ခြေမြေဈေးတွေပို လှုပ်ခတ်လာသလို ဈေးအပြောင်းအလဲတွေလည်း ဖြစ်လာပါတယ်။

ဒါကြောင့် ကျပ်သိန်းသောင်းချီတန်တဲ့ အိမ်ခြံမြေအရောင်းအဝယ်တွေ ဈေးမတည်ငြိမ်လို့ ပွဲပျက်တာတွေရှိနေတယ်လို့ ဒလမြို့အခြေစိုက် အိမ်ခြံမြေရောင်းဝယ်သူ တယောက်က ပြောပါတယ်။

“လှုပ်လာတာနဲ့အမျှလည်း မြေကွက်ဈေးတွေက မတည်ငြိမ်တော့ ရောင်းအဝယ်ကစားတာတော့ ကစားနေကြတာပဲလေ။ အိမ်ခြံမြေတိုင်းကလေ၊ ကစားနေကြတယ်။ ဒါပေမဲ့ တခုပဲ ဈေးနှုန်းတွေ အပြောင်းအလဲ ဖြစ်တာကြောင့် အကျိုးဆောင်တွေအတွက်ကျတော့ နည်းနည်းဒုက္ခဖြစ်ကြတယ်။ ပထမကျတော့ ဒီဈေးနဲ့ရောင်းမယ်ပြောထားတယ်။ နောက်ကျတော့ အရောင်းအဝယ်သွက်လာတာနဲ့ အမျှ ပိုင်ရှင်ဆိုတာကလည်း ကိုယ့်မြေဈေးကို ကိုယ်ကြိုက်သလို ခေါ်လို့ရတာပေါ့နော်။ ဒါပေမဲ့လည်း ဘယ်လို ပြောရမလဲဆိုရင် နည်းနည်းတော့ ဒုက္ခရောက်တယ်။ တချို့ဟာတွေဆိုရင် ပွဲပျက်သွားတာ တွေတောင် အဲ့လိုမျိုးတွေတောင်ဖြစ်တယ်။”

တံတားအဆင်း ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ လမ်းဘေးဝဲယာရှိ ခြံတိုင်းလိုလို ရောင်းချထားပြီး ပေ ၄၀ x ၆၀ ကို အိမ်အပါ မြေကွက်တကွက်ကို ကျပ်သိန်း ၃၀,၀၀၀ အထိ ပေါက်ဈေးရှိနေပြီး တိုးဂိတ်လျာထားတဲ့ နေရာနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ မြေကွက်ကတော့ တိုးဂိတ်ပိတ်နေတဲ့တွက် ကျပ်သိန်း ၂၀,၀၀၀ နဲ့ လွန်ခဲ့တဲ့ နှစ်လအတွင်းက အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ မပြောင်း ရွှေ့ရသေးတဲ့ အိမ်ပိုင်ရှင်တယောက်က ပြောပါတယ်။

“ငါတို့ စခေါ်တာ။ ၃၀,၀၀၀  ခေါ်တာ။ တိုးဂိတ်ရှိသွားလို့လျှော့လိုက်တာ။ ဟိုဘက်တွေကတော့ အကုန်လုံးရောင်းပြီးပြီ။ ငါတို့လည်း တိုးဂိတ်နဲ့မို့လို့ရောင်းလိုက်တာ။”

လမ်းမတော်မြို့နယ်နဲ့ ဒလမြို့နယ်ကို ဆက်သွယ်ထားတဲ့  မြစ်ကူးတံတားစီမံကိန်းဟာ NLD အစိုးရလက်ထက်   ၂၀၁၉ ခုနှစ်၊ မေလမှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်အစောပိုင်းမှာ ပြီးစီးဖို့လျာထားခဲ့ပေမဲ့ စစ်အာဏာသိမ်းမှုကြောင့်  တံတားတည်ဆောက်ရေးလုပ်ငန်းတွေ ကြန့်ကြာခဲ့ရတာပါ။

မြစ်အထက် ပေ ၁၆၀ မှာရှိတဲ့အဲ့ဒီတံတားဟာ တံတားခံနိုင်ဝန် ယာဉ်တစီးကို ၇၅ တန် သယ်ယူခွင့် သတ်မှတ်ထားပါတယ်။

တံတားဟာ ဘုန်းကြီးလမ်းအပြင် ကမ်းနားလမ်းဘက်မှာလည်း အတက်အဆင်းတဖက်စီ သတ်မှတ်ထားပြီး လူသွားလမ်းလည်း ပါရှိပါတယ်။ ဒါ့အပြင်တံတားပေါ်မှာ ဒလမြို့ကို ရေပေးဝေနိုင်မယ့် ရေပိုက်လိုင်းကိုလည်း တပါတည်းသွယ်တန်းသွားဖို့ စီမံကိန်းရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ မတွေ့ရှိရသေးပါဘူး။

ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနဲ့ မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်ထားခဲ့ပါတယ်။

လတ်တလော ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရတဲ့ မန္တလေးနဲ့ ဆက်စပ်ဒေသခံတွေလည်း နောက်ထပ်ငလျင်ဘေးကိုရှောင်ဖို့ ဒလ အိမ်ခြံမြေဈေးကွက်မှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေ ရှိလာတယ်လို့လည်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတာဝန်ရှိသူက ပြောပြပါတယ်။

“နေမယ့်သူထက်ကို တော်တော်များများကတော့ ဝယ်ရောင်းစားတဲ့သူတွေ များတယ်။ ဝယ်ပြီးတော့ ပစ်ထားချင်တဲ့သူတွေများတယ်။ အဲ့လိုလူတွေများတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဟိုဘက်မှာလည်း မန္တလေးဘက်မှာတို့၊ ပြင်ဦးလွင်ဘက်မှာတို့ ငလျင်ထိတဲ့သူတွေက များတော့ ဒီဘက်ကို အဝယ်တွေကတော်တော်ကိုဆင်းလာကြတယ်။ တိုက်တွေဘာတွေနဲ့ မနေချင်တော့ပဲနဲ့ နောက်ကျရင်အိမ်လာဆောက်ချင်လည်းဆောက်မယ်။ မဆောက်ရင်လည်း ဒီဘက်မှာ ဝယ်ရောင်းလုပ် ချင်တာပေါ့။ အများစုကတော့ အဲ့ဘက်ကနေ ဆင်းလာပြီး လတ်တလောတော့ ဝယ်ကြတာများတယ်။”

လတ်တလော ဒလအိမ်ခြေမြေဈေးကွက်မှာ ပါမစ်ထက် ဂရမ်မြေတွေအဝယ်လိုက်နေပြီး ကျပ်သိန်း ၄၀၀၀ နဲ့ ၈၀၀၀ ကြားမြေကွက်တွေကတော့ အရောင်းအဝယ်ဖြစ်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013