DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု မြန်မာအလုပ်သမား ၄ ဦး တရားရုံးတွင်သက်သေထွက်ဆိုပေးမည်
DVB
·
November 14, 2014
လိပ်ကျွန်းလူသတ်မှု မြန်မာအလုပ်သမား ၄ ဦး တရားရုံးတွင်သက်သေထွက်ဆိုပေးမည်
Donate to DVB

ထိုင်းတောင်ပိုင်း ခိုတောင်ကျွန်း (လိပ်ကျွန်း) မှာ ဗြိတိန် ၂ ဦး အသတ်ခံရတဲ့ အမှုမှာ တရားခံအဖြစ်စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ် ၂ ဦး လွတ်မြောက်ရေးအတွက် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ ဦးက တရားရုံးမှာ သက်သေထွက်ဆိုပေးမယ်လို့ ဒီအမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့က ပြောပါတယ်။

ထိုင်းရှေ့နေများကောင်စီအဖွဲ့ဝင် ရှေ့နေ ၂ ဦးဟာ နိုဝင်ဘာ ၁၃ ရက်နေ့ညက စူရတ်ဌာနီကို သွားရောက်ပြီး သက်သေတွေကို မေးမြန်းခဲ့ရာမှာ အလုပ်သမားတွေက ဇော်လင်း နဲ့ ၀င်းဇော် ထွန်းတို့  ၂ ဦးဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ပြောဆိုခဲ့သလို လိုအပ်ရင် တရားရုံးထိ လိုက်ပါထွက်ဆိုပေးမယ့်အကြောင်း ပြောခဲ့တယ်လို့ မြန်မာသံရုံးအထူးအဖွဲ့ရဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_70069" align="aligncenter" width="550"]စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ - CSI LA) စွပ်စွဲဖမ်းဆီးခံ လူငယ် ၂ ဦး (ဓာတ်ပုံ - CSI LA)[/caption]

“ကျနော်တို့ အားလုံးပေါင်း ၄ ဦးပေါ့နော်။ ထိုင်းရှေ့နေ ၂ ယောက်ရယ်၊ သံရုံးက ကျနော်တို့ ၂ ယောက်ရယ် အလုပ်သမား စုစုပေါင်း ၄ ဦးနဲ့ ၃ နာရီကြာ စစ်ဆေးမေးမြန်းခဲ့ရပါတယ်။ အမျိုးသမီးတဦးက ခိုတောင်မှာ ဈေးရောင်းတာ၊ အမျိုးသား ၃ ဦးက စူရတ်ဌာနီမှာ နေတာ၊ အခင်းဖြစ်ပြီးတဲ့နောက် သံသယရှိ လူငယ် ၂ ဦးနဲ့ သူတို့ တွေ့ဆုံခဲ့တာ မသင်္ကာစရာ ဘာမှ မတွေ့တဲ့အကြောင်း၊ ပုံမှန်ဖြစ်နေကြောင်းတွေ ပြောခဲ့ပါတယ်။ တရားရုံးမှာလည်း လိုက်ပါထွက် ဆိုပေးမယ်လို့ ပြောခဲ့တယ်။”

လိပ်ကျွန်းမှာ ဈေးရောင်းတဲ့ အမျိုးသမီးက အဖမ်းခံထားရတဲ့ မြန်မာလူငယ် ၂ ဦးဟာ သူ့ဆိုင်မှာ အမြဲကွမ်းယာလာဝယ်ကြောင်း၊ အခင်းဖြစ်တယ်လို့ ကြားပြီး သူတို့ အဖမ်းမခံရချိန်အထိ ဆိုင်မှာ ပုံမှန်ဝင်ထွက်သွားလာပြီး သူ့သမီးနဲ့လည်း စလိုက်နောက်လိုက် မူမပျက်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ရှေ့နေဦးအောင်မျိုးသန့်က ပြောပါတယ်။

“နောက်ထပ် အလုပ်သမား ၃ ဦင်္းကလည်း အဖမ်းခံထားရတဲ့ ၀င်းဇော်ထွန်းဟာ လူသတ်မှု ကြောင့် စူရတ်ဌာနီကို ရှောင်ပြေးလာတာ မဟုတ်ဘဲ သူတို့ဆောက်လုပ်ရေးလုပ်ငန်းခွင်က အလုပ်သမား လိုတယ်၊ ဘတ်(လက်မှတ်) ပါလုပ်ပေးမယ်ဆိုလို့ ခေါ်လိုက်တာလို့ ပြောတယ်။   သူ့ကို အောက်တိုဘာ ၂ ရက်နေ့ မနက်က လှေဆိပ်မှာ သွားကြိုတာ ပုံမှန်ပဲ၊  ထိုင်းရဲတွေက ဖမ်းလိုက်တဲ့အချိန်လည်း ပုံမှန်ပဲ၊ သူတို့ပါ အစစ်ခံခဲ့ရတယ်လို့ ပြောခဲ့တယ်။”

ဒါ့အပြင် အဖမ်းခံနေရတဲ့ လူငယ် ၂ ဦးဟာ အကျင့်စာရိတ္တ ကောင်းမွန်တဲ့အကြောင်း ရခိုင်ပြည် နယ်က သူတို့ ပညာသင်ခဲ့တဲ့ ကျောင်းက ကျောင်းအုပ်ထောက်ခံစာ၊ ရဲစခန်း၊ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ထောက်ခံစာတွေ ရရှိထားပြီး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

မြန်မာသံရုံး အဖွဲ့ဟာ စူရတ်ဌာနီကနေ ခိုတောင်ကျွန်းကိုလည်း ဆက်လက်သွားရောက်ကာ  နောက်ထပ်သက်သေတွေ ရနိုင်သမျှ စုဆောင်းသွားဖို့ အစီအစဉ်ရှိနေပါတယ်။

လောလောဆယ် သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာ လူငယ် ၂ ဦးကတော့ ကော့စမွီခရိုင်တရားရုံးအကျဉ်းထောင်မှာပဲ နိုဝင်ဘာ ၂၀ ရက်နေ့ထိ စတုတ္ထအကြိမ် ချုပ်ရက်ထပ်တိုးခံနေရပါတယ်။

ထိုင်းဥပဒေအရ သံသယရှိသူကို ချုပ်ရက် ၁ ကြိမ်ကို ၁၂ ရက်နဲ့ ၇ ကြိမ် (ရက်ပေါင်း ၈၄) ရက်သာ ချုပ်နှောင် ခွင့်ရှိပြီး အဲဒီရက်တိုင်လို့မှ တရားရုံးမှာ စွဲချက်မတင်နိုင်ရင် တရားသေလွှတ်ပေး လိုက်ရမှာဖြစ်ပါတယ်။

ဒီအမှုတွဲနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား လိုအပ်ချက်ရှိနေသေးတဲ့အတွက် ကော်စမွီခရိုင် တရားရုံးက  သက်ဆိုင်ရာရဲတပ်ဖွဲ့ကို သက်သေခိုင်လုံအောင် တည်ဆောက်ဖို့ ညွှန်ကြားထားပြီး နိုဝင်ဘာ ၂၀ ထိ မပြီးပြတ်ရင် နောက်ထပ် ပိုပြီး အသေးစိတ်တဲ့ အအထောက်အထားတွေ တောင်းမယ်လို့ ကြပ်မတ်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့က ခိုတောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး မြန်မာလူငယ် ကိုဇော်လင်း နဲ့ ကိုဝင်းဇော်ထွန်းတို့ နှစ်ဦး  စွပ်စွဲဖမ်းဆီးခံထားရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013