DVB Logo
Home
နိုင်ငံတကာ
ပိုလန်သမ္မတ ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ နာဗရော့စကီး အနိုင်ရ
DVB
·
June 4, 2025
ပိုလန်သမ္မတ ရွေးကောက်ပွဲတွင် အမျိုးသားရေးဝါဒီ နာဗရော့စကီး အနိုင်ရ
Donate to DVB

ပိုလန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ မဲအားလုံးရေတွက်ပြီးချိန်မှာ လက်ယာယိမ်း အမျိုးသားရေးဝါဒီ ကာရိုနာဗရော့စကီးက မဲအရေအတွက်အနည်းငယ်နဲ့ ကပ်ပြီး အနိုင်ရသွားတယ်လို့ ရွေးကောက်ပွဲကော်မရှင်က အတည်ပြုပါတယ်။ 

ကော်မရှင်ထုတ်ပြန်ချက်အရ လစ်ဘရယ်ဝါဒီ ဝါဆောမြို့တော်ဝန် ရာဖယ်ထရက်စကော့ဗ်စကီး ဟာ မဲ ၄၉ ဒသမ ၁ ရပြီး အမျိုးသားရေးဝါဒီ နာဗရော့စကီးကတော့  မဲ ၅၀ ဒသမ ၉ ရာခိုင်နှုန်း  ရရှိလို့ ကွာဟချက် အလွန်ကျဉ်းမြောင်းတယ်လို့  ဆိုရမှာပါ။

ဒေသစံတော်ချိန် ည ၉ နာရီမှာ ဆန္ဒမဲပေးမှု အဆုံးသတ်ပြီးနောက် ပထမဆုံး မဲရုံထွက်စစ်တမ်းအရ ထရက်စကော့ဗ်စကီးက ရွေးကောက်ပွဲမှာ အနိုင်ရတယ်ဆိုပြီး သတင်းထွက်ခဲ့ပါသေးတယ်။

ဒါပေမဲ့ သမိုင်းပညာရှင် နာဗရော့စကီး ကတော့ ရလဒ်မကွာတဲ့အလျောက် ရွေးကောက် ပွဲအနိုင်ရသူကို အတည်ပြုဖို့ စောသေးတယ်ဆိုပြီး သတိပေးခဲ့ပါတယ်။

ကွန်ဆာဗေးတစ်ဝါဒီ ဖြစ်တဲ့အလျောက် နာဗရော့စကီးဟာ ဥရောပသမဂ္ဂရဲ့ ရာသီဥတုနဲ့ ရွှေ့ပြောင်းအခြေမှုမှုဆိုင်ရာ မူဝါဒတွေအပေါ်  ဆန့်ကျင်သူဖြစ်ပြီး အတိုက်အခံပါတီ PiS က သူ့ကို ကိုယ်စားလှယ်လောင်းအဖြစ် မရွေးချယ်ခင်အထိ လူသိသူနည်းခဲ့သူ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်အပေါ် ထောက်ခံသူလည်းဖြစ်တဲ့ နာဗရော့စကီးဟာ​ ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ဝါရှင်တန်အထိ ခေတ္တသွားရောက်ခဲ့သလို ဓာတ်ပုံတွဲ ရိုက်ခဲ့ပါသေးတယ်။

ပိုလန်နိုင်ငံရဲ့  သမ္မတသစ်ဖြစ်လာတဲ့ နာဗရော့စကီးက ဗီတိုအာဏာကို သုံးပြီး လက်ရှိ ဝန်ကြီးချုပ် ဒေါ်နယ်တုစ်ခ်ရဲ့ ဥရောပသမဂ္ဂ (EU) နဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေ အပေါ်ပိတ်ပင်နိုင်ခြေ ရှိပါတယ်။

အဲဒီအနိုင်ရလဒ်ကြောင့် နာဗရော့စကီးရဲ့ ထောက်ခံသူတွေအတွက် အားတက်စရာဖြစ်တဲ့အပြင် ၂၀၂၇ ပါလီမန်ရွေးကောက်ပွဲမှာပါ တုစ်ခ်ရဲ့  ညွန့်ပေါင်းအစိုးရအဖွဲ့အပေါ်  အနိုင်ယူနိုင်တယ် ဆိုတဲ့ယုံကြည်ချက် မြင့်တက်လာပါတယ်။

ပိုလန်နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးဖို့ နာဗရော့စကီးက သဘောတူပေမဲ့ ရုရှားကျူးကျော်မှုအတွင်း EU နဲ့ NATO အဖွဲ့ထဲ ဝင်ရောက်တာမျိုးတော့ မလိုလားတဲ့အကြောင်း ပြောထားပါတယ်။

ပိုလန်သမ္မတရာထူးဟာ အဓိကအားဖြင့် နိုင်ငံ့အကြီးအကဲပြယုဂ်သာ ဖြစ်ပြီး နိုင်ငံခြားရေးမူဝါဒတွေနဲ့ ကာကွယ်ရေးကဏ္ဍမှာ ဩဇာသက်ရောက်မှု နည်းပါးပေမဲ့လည်း ဥပဒေပြဋ္ဌာန်းရာမှာတော့ ဗီတိုအာဏာသုံးပြီး တားဆီးနိုင်စွမ်း ရှိပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013