
မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက စာသင်ကျောင်း ၂ ခုကို စစ်ကောင်စီတပ်က ဇွန် ၃ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့သလို ဒေသခံပြည်သူတယောက် သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စလင်း ပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်ဆန်းက “စွယ်တည်ရွာမနဲ့ စွယ်တည်ရွာသစ်က စာသင်ကျောင်းတွေကို ဗုံးတလုံးစီ အကြဲခံလိုက်ရတာပါ။ ဂျက်ဖိုက်တာနဲ့ ရှေ့ဆင့်နောက်ဆင့် ကြဲသွားတာပါဗျ” လို့ ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်ခံရလို့ အဆိုပါကျေးရွာတွေက စာသင်ကျောင်းဆောင်တွေအပြင် လူနေအိမ် တချို့လည်း ထိခိုက်ပျက်စီးခဲ့သလို အမျိုးသားတယောက် သေဆုံးခဲ့ကာ အမျိုးသမီး တယောက်လည်း မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စလင်း ပကဖ တာဝန်ခံ အမ်ဖိုးက “စစ်တပ်က စာသင်ကျောင်းတွေကို စီမံချက်ချပြီး ဖျက်ဆီးနေတဲ့ပုံ ပေါ်တယ်။ စွယ်တည်ရွာမနဲ့ စွယ်တည်ရွာသစ် ဆိုတာက ကပ်နေတာ။ ဂျက်ဖိုက်တာနဲ့ ကြဲသွားတဲ့ ဗုံး ၂ လုံးစလုံးက ကျောင်းဝင်းတွေထဲကို အတည့်ကျတယ်။ ဗုံးကတော့ ဘယ်လောက်အမျိုးအစားတွေလဲ မသိဘူး။ ပတ်ဝန်းကျင်တွေက လူနေအိမ် ၄၊ ၅ လုံးလောက်လည်း ပျက်စီးကုန်တယ်။ တခြားမြို့နယ်တွေမှာ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်တာတွေ ရှိနေလို့ ဒီ ကျောင်းတွေကို မဖွင့်သေးဘဲထားလို့ ကလေးငယ်တွေ ဘာမှမဖြစ်ခဲ့တာ။ ဆုံးသွားတဲ့ အမျိုးသားက အသက် ၃၀ ဝန်းကျင်လောက်ရှိပြီ။ ဒဏ်ရာရတဲ့သူက သူ့အမျိုးသမီးပါ။ သူတို့ ၂ ယောက်က လယ်ထဲကနေ နေ့လယ် ထမင်းစားပြန်လာကြတာမှာ အခုလို ဖြစ်တာလို့ သိရတယ်” လို့ DVB ကို ပြောပါတယ်။
ဗုံးကြဲခံရတဲ့ အဆိုပါကျေးရွာတွေက ဒေသခံပြည်သူ ၁,၀၀၀ နီးပါးဟာလည်း နောက်ထပ် ဗုံးကြဲ တိုက်ခိုက်ခံရမှာ စိုးရိမ်ကြတဲ့အတွက် ဘေးလွတ်ရာနေရာတွေကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ယာယီအပစ်အခတ်ရပ်စဲတယ်လို့ အကြိမ်ကြိမ် ကြေညာခဲ့ပေမဲ့ စာသင်ကျောင်းတွေ အပါအဝင် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ မြေပြင်စစ်ကြောင်းထိုးတာတွေ ဆက်တိုက်ပြုလုပ်နေလို့ ပြည်သူ သေဆုံးရတာနဲ့ စာသင်ကျောင်းတွေ အပါအဝင် ပြည်သူပိုင်နေအိမ်တွေ ပျက်စီးမှု မြင့်တက်နေတာလည်း ဖြစ်ပါတယ်။