
ရန်ကုန်မြို့ကလူဦးရေ ထက်ဝက်လောက်ဟာ ဆင်းရဲနွမ်းပါးနေတယ်လို့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ ဇွန် ၃ ရက် ဒီနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
၂၀၂၄ ဇူလိုင်လမှာ ကောက်ယူခဲ့တဲ့စစ်တမ်းကနေ မေးမြန်းဖြေဆိုမှုပေါင်း ၄၈၀၀ ကျော်ရဲ့ အချက်အလက်တွေကို အခြေခံထားတဲ့ သုတေသနစာတမ်းမှာ နိုင်ငံတွင်း စီးပွားရေး ကျဆင်းလာတာ၊ နိုင်ငံရေးမတည်ငြိမ်တာနဲ့ နေရပ်ရွှေ့ပြောင်းအခြေချရတာတွေကြောင့် ရန်ကုန်မြို့နဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေကို အချက်အလက်တွေနဲ့ အသေးစိတ် တင်ပြထားပါတယ်။
၂၀၁၇ ခုနှစ်တုန်းက ရန်ကုန်မြို့လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းပဲ ဆင်းရဲနွမ်းပါးသူတွေအဖြစ်ရှိနေခဲ့ပြီး ၂၀၂၃ ခုနှစ်အရောက်မှာတော့ ၄၃ ရာခိုင်နှုန်းထိမြင့်တက်လာခဲ့တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
ရန်ကုန်မှာ ခန့်မှန်းလူဦးရေ ၆ ဒသမ ၂ သန်းလောက်ရှိတာကြောင့် ဆင်းရဲနွမ်းပါးသူလူဦးရေ ၂ သန်းလောက် ပိုတိုးလာတာဖြစ်ပြီး လက်ရှိမှာ ရန်ကုန်ကလူ ၂ ဒသမ ၇ သန်းလောက် ဆင်းရဲနွမ်းပါးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ဆင်းရဲနွမ်းပါးသူတွေဟာ ပြန်ပြီးနာလန်ထူဖို့ခက်တဲ့ ဆင်းရဲတွင်းနက်ထဲကို ပိုကျရောက်နေပြီး ၂၀၁၇ ခုနှစ်တုန်းက ဆင်းရဲတွင်းနက်ထဲကျရောက်နေသူ ၂ ရာခိုင်နှုန်း လောက်ပဲရှိပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ ၂၆ ရာခိုင်နှုန်း (၁၃ ဆ)အထိ တိုးလာပါတယ်။
ဆင်ခြေဖုံးမြို့နယ်တွေမှာ ပိုဆိုးပြီး အိမ်ထောင်စုတွေရဲ့ ၄ ပုံ ၁ ပုံဟာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုအညွှန်းကိန်းအရ အလွန်ဆင်းရဲနွမ်းပါးသူတွေ အုပ်စုမှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘူးလေးရာဖရုံဆင့်ဆိုသလို နိုင်ငံတကာအထောက်ပံ့တွေ၊ လှူဒါန်းကူညီတာတွေ လျော့နည်းလာနေလို့ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးမှာ အားအင်ယုတ်လျော့စေပြီး အကန့်အသတ်တွေ ဖြစ်ပေါ်လာနေစေတယ်လို့ ဆိုပါတယ်။
ရန်ကုန်ကို ရွှေ့ပြောင်းအခြေချလာသူတွေဟာ ဆင်းရဲနွမ်းပါးမှုဘေးဒဏ်ကို ပိုခံရပြီး ဆင်ခြေဖုံးမြို့နယ်တွေကို ပြောင်းရွှေ့လာသူ အိမ်ထောင်စုတွေရဲ့ ထက်ဝက်လောက်ဟာ အလွန်ဆင်းရဲနွမ်းပါးသူများ အုပ်စုမှာ ပါဝင်နေတာကို တွေ့ရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာကြသူတွေဟာ ငွေကြေးတတ်နိုင်စွမ်းနည်းသလို စာရွက်စာတမ်းအထောက်အထားတွေလည်း မပြည့်စုံကြလို့ အလုပ်အကိုင်ရှာဖွေရာမှာလည်း ခက်ခဲကြတယ်လို့ ဆိုပါတယ်။
ဆင်းရဲတဲ့မိသားစုတွေမှာ ကလေးသူငယ် ၁၇ ရာခိုင်နှုန်းဟာ ကျောင်းမတက်ကြဘဲ ၃၇ ရာခိုင်နှုန်းကတော့ မိသားစုဝင်ငွေရှာရာမှာ ပါဝင်စေတာကိုတွေ့ရပြီး နိုင်ငံခြားတိုင်းပြည်တခုခုကို သွားရောက်အလုပ်လုပ်ဖို့ကို ရွေးချယ်လာတဲ့ လူငယ်အရေအတွက် တိုးမြင့်လာနေတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ ကျန်းမာရေးနဲ့ လုံခြုံရေး စတဲ့အကြောင်းတွေကိုလည်း ဖော်ပြထားပြီး ဒီအကျပ်အတည်းအခက်အခဲတွေဟာ သာမန်စီးပွားရေးကျဆင်းမှုတခု သက်သက်မဟုတ်ဘဲ လူမှုရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကို အခြေခံအုတ်မြစ်ကစလို့ ပျက်စီးလာစေတဲ့ အကြောင်းလက္ခဏာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါတွေကို ဖြေရှင်းဖို့အတွက် စီးပွားရေးအခွင့်အလမ်းတွေတိုးချဲ့ဖို့၊ အများပြည်သူဝန်ဆောင်မှုတွေ မြှင့်တင်ဖို့နဲ့ ရပ်ရွာလုံခြုံရေးကိုမြှင့်တင်ဖို့ လိုအပ်သလို ရွှေ့ပြောင်းလုပ်သားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ ကလေးတွေကို ဆင်းရဲနွမ်းပါးမှုသံသရာထဲကနေကယ်ထုတ်ဖို့ ပညာရေးအစီအစဉ်တွေ လိုအပ်တယ်လို့ သုံးသပ်ထားပါတယ်။