
မေ ၁၈ ရက်ည ၈ နာရီကနေ မေ ၂၅ ရက် ည ၈ နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၇၅၄ ခုကို စစ်ဆေးပြီးစီးခဲ့တာမှာ အတည်ပြုလူနာ ၆ ယောက် တွေ့တာကြောင့် ရောဂါပိုးတွေ့တဲ့ ရာခိုင်နှုန်းက ၀ ဒသမ ၂၂ ဖြစ်တယ်လို့ ဆိုပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့နယ်က ၂ ယောက်၊ အင်းစိန်၊ သာကေတ၊ ကော့မှူးနဲ့ အရှေ့ဒဂုံမြို့နယ်တို့က ၁ ယောက်စီဖြစ်တယ်လို့ ဒီမနက်မှာ ရေဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနက ထုတ်ပြန်လာပါတယ်။
ဒီလူနာတွေထဲမှာ ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသမှုပေးရတဲ့လူနာမရှိသလို ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးလူနာ မရှိဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၇ ရက်ကနေ မေ ၄ ရက်အထိ လူပေါင်း ၂,၆၂၄ ယောက်ကို စစ်ဆေးရာမှာ ပိုးတွေ့သူ ၁ ယောက်၊ မေ ၁၁ ရက်ကနေ ၁၈ ရက်အထိ လူပေါင်း ၂,၄၆၁ ယောက် စစ်ဆေးရာမှာလည်း ပိုးတွေ့သူ ၁ ယောက်ရှိခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ စဖြစ်ချိန်ကနေ ဒီနေ့အထိ ပိုးတွေ့သူစုစုပေါင်း ၆၄၃,၂၃၉ ယောက်၊ သေဆုံးသူစုစုပေါင်း ၁၉,၄၉၄ ယောက် ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ထိုင်းနိုင်ငံမှာတော့ ၂၀၂၅ ခုနှစ်ဆန်းကနေ မေ ၂၀ ရက်ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁ သိန်းကျော်ရှိပြီး သေဆုံးသူ ၂၇ ယောက် ရှိတယ်လို့ ထိုင်း ကျန်းမာရေးဌာနဆီက သိရပါတယ်။
ကူးစက်ခံရသူ အများစုဟာ အသက် ၆၀ နဲ့အထက်လူကြီးတွေဖြစ်ပြီး လက်ရှိ ကူးစက်နေတဲ့ ကိုဗစ်-၁၉ ဟာ XEC မျိုးစိတ်ဖြစ်ပြီး မပြင်းထန်ဘူးလို့ ဆိုပါတယ်။