ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ မှော်စီစာက တင်အောင်ကြိုင် လုပ်ကွက်ဟောင်းတခုမှာ ဇွန် ၃ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူထိခိုက် သေဆုံးမှုများနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေ့လယ် ၁ နာရီ ကျော်လောက်က ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့ကာ မှော်စီစာက ကုမ္ပဏီဝင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဖားကန့်တပ်မကုန်းကနေ နေ့လယ် ၁ နာရီ ၁၀ မိနစ်လောက်မှာ မှော်စီစာဘက်ကို လက်နက်ကြီးထုလိုက်တာ။ ကုမ္ပဏီဝင်းထဲကျတော့ ယမ်းတွေသိုလှောင်ထားတဲ့နေရာ ကျသွားတယ် ထင်တယ်။ ပေါက်ကွဲမှုက ပိုကြီးသွားတာ။ လတ်တလောသိရသလောက်ကတော့ သေဆုံးသူ ၂ ယောက်ရှိတယ်လို့ သိရတယ်။ ထိခိုက်ဒဏ်ရာရသူတွေကတော့ ၃၀ ထက်မနည်းရှိနိုင်တယ်။”
ကုမ္ပဏီရဲ့ ဖောက်ခွဲရေးယမ်းတွေ ထားရှိရာနေရာအနီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ပေါက်ကွဲမှုပိုပြီးပြင်းထန်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂ ယောက်ရဲ့ ရုပ်အလောင်းကို ရှာတွေ့ထားပြီဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကုမ္ပဏီဝင်းအတွင်းရှိ အဆောက်အအုံ အမိုးတွေ တစစီပွင့်ထွက်နေပြီး အိမ်စီးကားနဲ့ မြေသယ်ကားတချို့လည်း ပျက်စီးသွားခဲ့တာကို ရုပ်သံဖိုင်ထဲမှာမြင်တွေ့ရသလို ကုမ္ပဏီဝင်း အနီးက နေအိမ် တချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒီမနက် ၉ နာရီလောက်မှာလည်း မှော်စီစာကျေးရွာက တစ်သုံးလုံးကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီဝင်းက ဘတ်ဖိုးယာဉ် ၃ စီးနဲ့ မြေစာသယ်ကား ၂ စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေထဲက အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းတကြောင်းဟာ မှော်စီစာကျေးရွာက ဘုရားကုန်းဘုန်းကြီးကျောင်းမှာ ဝင်ရောက် တပ်စွဲနေတာပါ။
ကားမိုင်း -ဖားကန့်လမ်းအတိုင်း တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ တလလောက်အကြာမှာ ဖားကန့်မြို့အထိ ထိုးဖောက်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဟန်န