
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့လယ် ဘုရားအရှေ့ရှိ ငါးကန်မှာ ငါးအကုန်လုံး အဆိပ်မိပြီး သေဆုံးနေတယ်လို့ ဇွန် ၂ ရက်က မြို့ခံတွေဆီကနေ သိရပါတယ်။
ဇွန် ၂ ရက် မနက်က ငါးတွေ ရေပေါ် သေဆုံးနေတာကို တွေ့ရှိရတာဖြစ်ပြီး တာဝန်ရှိသူတွေ စစ်ဆေးပြီးနောက် အဆိပ်မိပြီး သေဆုံးခဲ့ရတာလို့ ပြောပါတယ်။
မြို့ခံတဦးက “စိတ်မကောင်းဘူး။ ငါးစာ အမြဲသွားကျွေးနေကျမို့။ အကုန် သေကုန်ကြတာလေ။ အဲဒီလို မလုပ်သင့်ဘူး။ အခု အဆိပ်ချတဲ့သူကို စုံစမ်းစစ်ဆေးနေတယ်”လို့ ပြောပါတယ်။
သေဆုံးနေတဲ့ ငါးတွေကို မပုပ်ခင် အကုန်ဆယ်ထုတ်နေတယ်လို့ သိရပါတယ်။ အဲဒီငါးကန်က လူသွားလာများတဲ့နေရာ၊ လူစည်တဲ့နေရာ ဖြစ်ပြီး အခုနှစ်မှာ View Point ဆောက်ပြီး လှလှပပ ပြင်ဆင်ထားတာလို့ မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာလည်း အဲဒီငါးကန်မှာ အခုလို ငါးအစုလိုက်အပြုံလိုက် သေဆုံးဖူးတယ်လို့ မြို့ခံတွေက ပြောပါတယ်။