Home
မြန်မာသတင်း
မြိုင်မြို့နယ်၊ ပျူစောထီးကျေးရွာက  ၅ ဦး တော်လှန်ရေးတပ်ဖွဲ့ထံ ခိုလှုံ
DVB
·
June 3, 2025
Photo: ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲမှာရှိတဲ့ ကန်နီ ပျူစောထီးကျေးရွာကနေ ကိုရင် ၂ ပါး အပါအဝင်  ၅ ယောက်တို့ ထွက်ပြေးလာကြပြီး ထပ်မံခိုလှုံလာကြတယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းဆီကနေ သိရပါတယ်။

မြိုင်မြို့နယ်ထဲက ကန်နီ ပျူစောထီးရွာထဲကနေ ကိုရင် ၂ ပါး၊ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၂ ယောက် ထွက်ပြေးလာကြပြီး ခိုလှုံကြတာလို့  ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းရဲ့ တပ်ဖွဲ့ဝင်ရဲဘော်တယောက်က ပြောပါတယ်။ 

ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း ဒုတပ်ရင်းမှူး ကိုစစ်ထန် က “ကန်နီပျူရွာကို ကျနော်တို့တွေ ပိတ်ဆို့ထားတာ နှစ်ပေါက်ပြီဆိုတော့ အဲဒီရွာထဲမှာက စားနပ်ရိက္ခာ ပြတ်လပ်နေပြီ။ အဲဒီရွာမှာက ရွာခံတွေအားလုံးက ပျူစောထီးတွေတော့ မဟုတ်ကြဘူး။ ဒါပေမဲ့လည်း ကျနော်တို့ဘက်က ပိတ်ဆို့ထားတော့ ပျူစောထီးမဟုတ်တဲ့သူတွေလည်း ကြားညပ်နေတာပေါ့။ အဲဒါကြောင့် မရမကထွက်ပြေးလာကြတာ။ အဲဒီရွာပျူခေါင်းဆောင်က ရွာထဲမှာရှိနေကြတဲ့ ပျူစောထီးတွေနဲ့ ပျူစောထီးမဟုတ်တဲ့သူတွေကို ရန်တိုက်ပေးလို့လည်း ရွာသားတွေအချင်းချင်း မကြာခဏ ပြဿနာတွေ ဖြစ်ကြတယ်။ ရွာထဲမှာရှိနေတဲ့ မိန်းမပျိုလေးတွေ ဆိုရင်လည်း ပျူစောထီးခေါင်းဆောင်ရဲ့ ကိုယ်ထိလက်ရောက် ဥပဒေမဲ့ပြုကျင့်တာတွေ ရှိနေတယ်။ နောက်ပြီး စားနပ်ရိက္ခာက မရှိတော့သလောက် ဖြစ်နေပြီးတော့ ထမင်းဝဝလင်လင် မစားရတဲ့ရက်တွေ များလာပြီး အဲဒီဒဏ်တွေ မခံနိုင်တော့လို့ ထွက်ပြေးလာကြတာ။ သူတို့ကို သေချာကျွေးမွေးပြုစုပေးပြီး နေရေးထိုင်ရေး အဆင်ပြေမယ့် နေရာကို ပို့ပေးထားလိုက်ပြီ” လို့ ပြောပါတယ်။

မေ ၇ ရက်ကလည်း အဲဒီပျူစောထီးကျေးရွာက ကလေးငယ် ၂ ယောက် အပါအဝင် ပြည်သူ ၅ ယောက် ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းဆီမှာ ဝင်ရောက်ခိုလှုံခဲ့ပါတယ်။

မြိုင်မြို့နယ်အတွင်းက ပျူစောထီးကျေးရွာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်တော့မှာဖြစ်လို့ ပျူစောထီးကျေးရွာတွေအတွင်းမှာ ကျန်ရှိနေသူတွေ အနေနဲ့လည်း နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အမြန်ဆုံး ချိတ်ဆက်ခိုလှုံကြဖို့ တိုက်တွန်းထား ပါတယ်။

မြိုင်မြို့နယ်အတွင်းက ကန်နီကျေးရွာ အပါအဝင် သရက်ကန်၊ ဝက်ပုတ်နဲ့ သရက်ကွစတဲ့ ပျူစောထီးကျေးရွာတွေကပြည်သူတွေဟာ အငတ်ဘေးနဲ့ကြုံနေလို့ ထွက်ပြေးလာကြပြီး နီးစပ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီမှာ မကြာခဏ ဝင်ရောက်ခိုလှုံလာကြတယ်လို့ မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရ ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024