
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဘုရားတောင်ကျေးရွာနဲ့ ရေပူကျေးရွာဘက်ကို ဇွန် ၂ ရက်က စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ စစ်ကြောင်းထိုးလာတဲ့အတွက် အင်းလေး ပြည်သူ့ကာကွယ်ရေးတပ် IPDF နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မနေ့ မနက် ၈ နာရီမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က အင်အား ၁,၀၀၀ လောက်နဲ့ စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ခဲ့ပြီး အင်အားမမျှလို့ ရေပူကျေးရွာကနေ ပြန်လည်ဆုတ်ခွာချိန် စစ်ကောင်စီတပ်က နေအိမ် ၄ လုံးထက်မနည်းကို မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ရှေ့တန်းရဲဘော် တယောက်က ပြောပါတယ်။
“ဘုရားတောင်၊ ရေပူဘက်ကို စစ်ကြောင်းထိုးဝင်ပြီးတော့ အိမ်မီးရှို့တယ်။ ပြီးတော့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာကနေ ကျနော်တို့ဘက်က မီးရှို့သွားတယ်ဆိုပြီး ဝါဒဖြန့်တယ်။ ကျနော်တို့က အခုလို မီးရှို့တာတွေ မလုပ်ပါဘူး၊ တနှစ်ကျော်လောက်ရှိပြီလေ။ ဘုရားတောင်ဘက် ရေပူဘက် ညောင်လေးပင်ဘက်ကို ကျနော်တို့ ကာကွယ်ပေးထားတာ။”
ညနေ ၄ နာရီမှာ IPDF အဖွဲ့က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ၅ နာရီဝန်းကျင်မှာ နေအိမ် ၄ လုံးကို မီးရှို့လိုက်လို့ ဘေးကအိမ်တွေလည်း မီးကူးခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလတလတာအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှုကြောင့်တောင်ပို့ကွဲကျေးရွာ၊ ဟိုပန်နောက်ရွာ၊ ဘုရားတောင်ရွာနဲ့ ပင်လောင်းမြို့နယ်က နမ်တုတ်ကျေးရွာ စတဲ့ ရွာတွေက နေအိမ်နဲ့ ဘုန်းကြီးကျောင်း စုစုပေါင်း ၆ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။