
ဆိုက်ဘာတိုက်ခိုက်မှုနဲ့ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတို့လို ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ဆွေးနွေးပွဲတရပ်ကို ဖိလစ်ပိုင်နဲ့ ဥရောပသမဂ္ဂ (EU) တို့ စတင်ဖို့ သဘောတူခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်ဒရီကေ မာနာလိုက ဇွန် ၂ ရက်မှာ ပြောလိုက်ပါတယ်။
EU နိုင်ငံခြားရေးမူဝါဒရေးရာ အကြီးအကဲ ခါဂျာ ကားလက်စ်ရဲ့ ဖိလစ်ပိုင်မြို့တော် မနီလာမြို့ဆီ အလည်အပတ် ခရီးစဉ်အတွင်း မာနာလိုနဲ့ ဆွေးနွေးတဲ့အပြင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာနဲ့ ဖုန်းဆက် ဆွေးနွေးအပြီး ခုလို ကြေညာလိုက်တာပါ။
လုံခြုံရေးနဲ့ ကာကွယ်ရေးဆွေးနွေးပွဲတွေကနေမှတဆင့် နယ်စပ်မျဉ်းတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုတွေနဲ့ သတင်းအချက်အလက်တွေကို ခြယ်လှယ်တာတွေကနေ ပေါ်လာတဲ့ လုံခြုံရေးခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ တက်ကြွပြီး စည်းစည်းလုံးလုံးရှိနေဖို့ မျှော်လင့်တယ်လို့ မာနာလိုက ကားလက်စ်နဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒေသတွင်း အစုအဖွဲ့နဲ့ ဖိလစ်ပိုင်တို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းအောင် လုပ်ဆောင်နိုင်ပြီး လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်မှုတွေကို မျှဝေကာ ပူးပေါင်းလုပ်ဆောင်ချက်တွေကို ရှာနိုင်တဲ့ “အထူးသီးသန့် ပလက်ဖောင်း” ဖြစ်လိမ့်မယ်လို့ ကားလက်စ်က ပြောခဲ့ပါတယ်။
ဆွေးနွေးပွဲဟာ ဖိလစ်ပိုင်နဲ့ EU တို့ကြား မိတ်ဖက်နဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ကာ ၂၀၁၈ ခုနှစ်မှာ အသက်ဝင်ခဲ့ပါတယ်။
EU က စည်းမျဥ်းအခြေခံတဲ့ အမိန့်ကို လိုက်နာဖို့၊ ငြိမ်းချမ်းရေးကို မြှင့်တင်ဖို့နဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ဘုံစိုးရိမ်မှုတွေကို ဖြေရှင်းဖို့နဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ စစ်ပွဲအတွက် ကတိကဝတ်ပြုထားတယ်လို့ ကားလက်စ်က ပြောခဲ့ပါတယ်။
ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်လို ဒေသတွေမှာ တရုတ်နိုင်ငံရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ EU ရဲ့ မဖြတ်ရမယ့်စည်းက ဘာလဲလို့ မေးမြန်းရာမှာ “အကျပ်ကိုင်မှု အပါအဝင် လက်ရှိအနေအထားကို တဖက်သတ် ပြောင်းလဲမှုတွေကို ကျနော်တို့ ပယ်ချပါတယ်” လို့ ကားလက်စ်က ပြောပါတယ်။
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ရဲ့ သီးသန့်စီးပွားရေးဇုန်တွေရဲ့ အစိတ်အပိုင်းတွေ အပါအဝင် တောင်တရုတ်ပင်လယ် အားလုံးနီးပါးအပေါ် ပိုင်ဆိုင်တဲ့ အချုပ်အခြာအာဏာကို တရုတ်က တောင်းဆိုထားပါတယ်။
Source: Reuters