DVB Logo
Home
နိုင်ငံတကာ
ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွင် ထိုင်းအလှမယ် ပထမဆုံးအကြိမ် သရဖူဆု ဆွတ်ခူး 
DVB
·
June 2, 2025
ကမ္ဘာ့အလှမယ်ပြိုင်ပွဲတွင် ထိုင်းအလှမယ် ပထမဆုံးအကြိမ် သရဖူဆု ဆွတ်ခူး 
Donate to DVB

အိန္ဒိယနိုင်ငံမှာ မေ ၃၁ ရက်က ကျင်းပပြီးစီးသွားတဲ့ ကမ္ဘာ့အလှမယ်ပြိုင်ပွဲ Miss World 2025 မှာ ထိုင်းနိုင်ငံကိုယ်စားပြုအလှမယ် အိုပေါဆူချဒါးချုန့်ဆီက  ပထမဆု ဆွတ်ခူးပြီး ကမ္ဘာ့အလှမယ် သရဖူဆောင်းသွားခဲ့ပါတယ်။ 

အဆိုပါအလှမယ်ပြိုင်ပွဲကို နှစ်စဉ်ကျင်းပလာတာ ဒီ ၂၀၂၅ ခုနှစ်မှာ ၇၂ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံအနေနဲ့လည်း နိုင်ငံကိုယ်စားပြုအလှမယ်ကို နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စေလွှတ်ခဲ့တာမှာ ဒီနှစ်မှာတော့ ပထမဆုံးအကြိမ် ထိုင်းအလှမယ်ရရှိသွားတာ ဖြစ်ပါတယ်။ 

ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာအပါအဝင် အလှမယ်ပေါင်း  ၁၁၈ ယောက် ဝင်ပြိုင်တဲ့ထဲ  ထိုင်းနိုင်ငံမှ အိုပေါဆူချဒါးက ပထမ အီသီယိုပီးယားအလှမယ်က ဒုတိယ၊ ပိုလန်အလှမယ်က တတိယ နဲ့ မာတီနစ်နိုင်ငံ အလှမယ်က စတုတ္ထဆုရခဲ့ပါတယ်။ 

ကမ္ဘာ့အလှမယ်သရဖူပေးဖို့ နောက်ဆုံး ထိုင်းနဲ့ အီသီယိုပီးယား အလှမယ်တို့ကို ဒိုင်လူကြီးက “သင်ဟာ ကမ္ဘာ့အလှမယ်  ဖြစ်သင့်တယ်လို့ ထင်သလား၊ အာရှနဲ့ Oceania က ကိုယ်စားလှယ်ဖြစ်သင့်ပါသလား” လို့ မေးရာမှာ အိုပေါ (ထိုင်း )အလှမယ်က “ပန်းဥယျာဉ်ကို ပြုစုရတာလို့ မြင်ပါတယ်။ ဘယ်သူမဆို အပင်ကို ရေလောင်းနိုင်ပါတယ်။ ဒါပေမဲ့ ဥယျာဉ်ကို တကယ် လှပပြီး ရေရှည်တည်မြဲချင်ရင်တော့ စဉ်ဆက်မပြတ် စောင့်ရှောက်ပေးမယ့်သူ ရှိရပါမယ်။ ပြီးတော့ ဒါက Miss Asia & Oceania ရဲ့ အခန်းကဏ္ဍနဲ့ ဆင်တူပါတယ်။ ကျမရထားတဲ့ ရာထူးနဲ့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရုံတင်မကဘဲ လူတွေက ကျမက သူတို့အတွက်ပါ ရည်ရွယ်ချက်ရှိရှိနဲ့ ရပ်တည်ပေးမယ့် ပရောဂျက်တခုပါ။ အဖိုးတန်တဲ့ ဘဝကို ရှင်သန်တာဟာ ဆုံးရှုံးသွားသူတွေကို အသက်ပေးပြီး အိပ်မက်တွေ ပြန်ပေးတယ်ဆိုတာ သိလာရတယ်။ အဲဒါကြောင့် ဒီနေ့ဒီမှာ ရပ်နေတယ်။ မျှော်လင့်ချက် မီးရှူးတန်ဆောင်ဖြစ်ဖို့နဲ့  နောက်ဆုံးထွက်သက်အထိ အဓိပ္ပာယ်ရှိတဲ့ ခြေရာတွေ  ချန်ထားခဲ့ဖို့ ဖြစ်တယ်” လို့ ဖြေဆိုခဲ့ပါတယ်။ 

အဆိုပါ အဖြေကို ဒိုင်လူကြီးတွေရော ပရိသတ်တွေပါ အလွန်သဘောကျပြီး ထိုက်တန်တဲ့ ဆုကို ရခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

သူ ဆောင်းခွင့်ရတဲ့ ကမ္ဘာ့အလှမယ် သရဖူဟာ ဒေါ်လာ ၅ သန်း (ဘတ် ၁၆၄ သန်း) တန်ဖိုးရှိပြီး အလှမယ်ဆု နဲ့ ဘရင်းကုမ္ပဏီတွေက ပေးအပ်တဲ့ဆုတွေမှာ ထိုင်းဘတ် သန်းပေါင်း  ၄၀ ကျော် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ 

အိုပေါဆူချဒါးမှာ အသက် ၂၂ နှစ်ရွယ်ရှိပြီး မွေးရပ်ဇာတိမှာ ထိုင်းတောင်ပိုင်း ဖူးကက်မြို့က ဖြစ်ပါတယ်။ သူဟာ ဘန်ကောက် ထမဆတ်တက္ကသိုလ်ကနေ နိုင်ငံတကာဆက်ဆံရေး ပညာအဓိကနဲ့ ဘွဲ့ရခဲ့ပြီး ထိုင်း၊ အင်္ဂလိပ် နဲ့ တရုတ်ဘာသာတို့ကို တတ်မြောက်ပါတယ်။ 

၂၀၂၂ ခု (အသက် ၁၈ နှစ်ရွယ်) မှာ အလှမယ်စတင်ဝင်ပြိုင်ပြီး ရတနာကိုးဆင့်အလှမယ်ပြိုင်ပွဲမှာ တတိယရခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာ Miss Thailand Universe ထိုင်းအလှမယ်ဆုရပြီး ခုလို ကမ္ဘာ့အလှမယ်ပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြုနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တာပါ။ 

ဒီမတိုင်ခင် သူဟာ ရင်သားအကြိတ်ရောဂါနဲ့ ခွဲစိတ်ကုသခံယူခဲ့ရတယ်၊ ဒါကြောင့် အမျိုးသမီးတွေအနေနဲ့  ရင်သားကင်ဆာမှကင်းဝေးရေး  စေတနာ့ဝန်ထမ်းအဖွဲ့မှာ ပါဝင်ပြီး ကင်ဆာကာကွယ်ရေး နဲ့ပတ်သက်တဲ့ ပညာပေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေပါတယ်။  

ထိုင်းနိုင်ငံ့ဂုဏ်ဆောင် ကမ္ဘာ့အလှမယ်သရဖူ ရယူပေးခဲ့တာကြောင့် ထိုင်းတနိုင်ငံလုံးက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူနေကြသလို ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ်ကလည်း သူ့ရဲ့ လူမှုကွန်ရက်ကနေ ချီးကျူးဂုဏ်ပြုကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ 

Source: Thai PBS /  Khaosod TV 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013