DVB Logo
Home
မြန်မာသတင်း
ကန်လွှတ်တော်တွင် မြန်မာ့အရေး ဆွေးနွေးမှုများ ဆက်တိုက်ရှိနေ
DVB
·
June 1, 2025
ကန်လွှတ်တော်တွင် မြန်မာ့အရေး ဆွေးနွေးမှုများ ဆက်တိုက်ရှိနေ
Donate to DVB

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ မြင်သာတဲ့လှုပ်ရှားမှု မတွေ့ရသေးပေမဲ့ ကန်လွှတ်တော်မှာတော့ ဆွေးနွေးတိုက်တွန်းမှုတွေ အဆက်မပြတ်ရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။ 

မြန်မာ့အရေးအတွက် သံတမန်ထားရှိရေး၊ Burma Act ကို အမြန်အကောင်အထည်ဖော်ရေး၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ကို ပိတ်ဆို့အရေးယူနိုင်ရေး စတဲ့အချက်တွေအပါအဝင် စစ်ကောင်စီအား ဖိအားပေးနိုင်မယ့်အချက်တွေကို ဦးစားပေးဆောင်ရွက်ဖို့ အစိုးရကို အမေရိကန်လွှတ်တော်အမတ်တွေက အဆက်မပြတ်တိုက်တွန်းနေကြတာပါ။ 

မေ ၂၁ ရက်နေ့မှာ ကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုဟာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီမှာ ကြားနာမှုပြုလုပ်ခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်တဲ့ လွှတ်တော်အမတ်တွေရဲ့ တိုက်တွန်းမေးမြန်းတာတွေကို တုံ့ပြန်ဖြေဆိုခဲ့ပါတယ်။  

မြန်မာ့အရေးကို ဦးတည်ထားတဲ့ Burma Act နောက်ဆက်တွဲအဖြစ် BRAVE Burma Act ကို လွှတ်တော်မှာဆက်လက်အကောင်အထည်ဖော်ပြီး အစိုးရကအတည်ပြုပေးဖို့အတွက်လည်း လွှတ်တော်အမတ်တွေက တိုက်တွန်းခဲ့တာပါ။

ဂျိမ်းစ်ရွှေ (လော့စ်အိန်ဂျလိစ်မြန်မာလှုပ်ရှားမှုအဖွဲ့ LA2M) က “ရူဘီယိုကို ဟိုတနေ့က Appropriation Committee က ကြားနာမှုလုပ်တယ်မှတ်လား။ အဲ့ဒီတုန်းက မြန်မာပြည်အကြောင်းမေးတဲ့ လူတော်တော်များတယ်ဗျ။ မစ်ချ်မကော်နယ်လည်း မြန်မာပြည်ကို သူဖော်ပြပြောဆိုတယ်။ Soft Power မြန်မာပြည်မှာ ခင်ဗျားတို့လုပ်ရပ်ကြောင့် ကျသွားတယ်ပေါ့။ အဲ့ဒါက အမေရိကအတွက် မကောင်းဘူးပေါ့။ မြန်မာပြည်ကို နာမည်ထုတ်ပြီးတော့ မေးတဲ့သူ ကျနော် တော်တော်များများတွေ့တယ်ဗျာ။ ကွန်းဂရက်(စ) ကတော့ စေတနာရှိတုန်းပဲလို့ ကျနော်တို့ထင်တယ်။ Brave Burma Act ဆိုပြီးတော့ ဘေလ်ဟိုင်ဇင်းဂါးရုံးက အရင် Burma Act ရဲ့ Amendment ပိုကောင်းအောင်လုပ်ဖို့ပေါ့နော်၊ အဲ့ဒါ သူတို့ တင်တယ်ဗျာ။ Burma Act ထက် ပိုထူးခြားတာကတော့ Burma Act က အသက် ၈ နှစ်ပေါ့၊ အဲ့ဒါကို သက်တမ်း ၁၀ နှစ်တိုးဖို့ပေါ့။ ပြီးတော့ MEC ကို ပိတ်ဆို့မှုလုပ်ဖို့ သင့်တော်၏ မသင့်တော်၏ကို လေ့လာဖို့တောင်းတယ်။ ပြီးတော့ မြန်မာ Envoy ဆိုပြီးတော့ သက်သက်ခန့်ဖို့ သူတို့တောင်းတယ်။ ပြီးတော့ အတုအယောင်ရွေးကောက်ပွဲလုပ်ပြီးတော့ နောက်ထပ် အစိုးရဖွဲ့တယ်ထား၊ International Monetary Fund အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က သူတို့နဲ့အဆက်အသွယ်မလုပ်ပါနဲ့ဆိုပြီးတော့ အဲ့ဒါတောင်းထားတယ်။ အဲ့ဒီ Brave Burma Act က သူတို့တင်ထားတာ ၃ ပတ်လောက်ရှိပြီ။ ပြီးတော့မှ မြန်မာပြည်အတွက်အကူအညီ ဒီနှစ် ၁၂၁ သန်းကနေ မလျှော့ဖို့ဆိုပြီးတော့ အောက်လွှတ်တော်က အမတ် ၁၉ ယောက် ဝိုင်းပြီးတော့ရေးကြတယ်ဗျာ၊ ဒီမိုကရက်ရော ရီပတ်ဘလစ်ကန်ရော၊ အဲ့ဒီတော့ သူတို့တွေက မြန်မာပြည်ကိုတော့မမေ့ဘူး။ ၁၂၁ သန်း ပေးဖို့ ဆက်တောင်းနေတယ်။”

Brave Burma Act ကို ၂၀၂၄ ဇွန်လမှာဖွဲ့စည်းခဲ့တဲ့ Burma Caucus အဖွဲ့ရဲ့ ပူးတွဲဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် ဘေလ်ဟိုင်ဇင်ဂါက ဦးဆောင်ပြီး လွှတ်တော်မှာ အကောင်အထည်ပေါ်လာဖို့ ကြိုးစားနေတာပါ။ 

မြန်မာ့အရေးဟာ ထူးခြားတဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေကြောင်း ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ်ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နှစ်ပတ်အကြာမှာ ဒီကြေညာချက်ထွက်ပေါ်ခဲ့တာပါ။ 

အိမ်နီးချင်းတရုတ်နိုင်ငံ နဲ့ နယ်မြေချင်းထိစပ်နေတာက မြန်မာ့အရေးကို အမေရိကန်က ချန်ထားလို့မရဘဲ မဖြစ်မနေထည့်စဉ်းစားရမယ့် အချက်ဖြစ်နေတာပါ။

ဦးကိုကိုလေး (Learn and Share) က “သူ့ရဲ့ပေါ်လစီက အမေရိကန် First ကို ပြောင်းလိုက်တဲ့အတွက်ကြောင့် အကုန်လုံးတော့ ကမောက်ကမတွေ ဖြစ်ကုန်တာပေါ့။ အဓိကကတော့ သူက World Order ကို အပြောင်းအလဲလုပ်ချင်တယ်။ ရည်ရွယ်ချက်ကတော့ အင်မတန်ကြီးမားတဲ့ ရည်ရွယ်ချက်ဖြစ်တယ်။ ကျနော် မြင်တာကတော့ ရည်ရွယ်ချက်တွေကတော့ တအားကိုကြီးမားပါတယ်။ ဒါပေမဲ့လည်း လုပ်တဲ့ကိုင်တဲ့နေရာမှာ အာဏာရှင်နိုင်ငံ မဟုတ်တဲ့အတွက်ကြောင့် ဇွတ်တရွတ်လုပ်လို့မရတော့ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်တဲ့ သဘောရှိတာပေါ့။ ဂရင်းလန်းတို့ အောက်ဘက်မှာရှိတဲ့ ပနားမားတူးမြောင်းတို့ ကိစ္စတွေမှာလည်း သူက အထက်-အောက်၊ တောင်ဘက်နဲ့ မြောက်ဘက်ပိုင်းကို သူက ဝင်ရိုးစွန်းအင်အားတွေ တည်ဆောက်လာတယ်ဆိုတော့ ကမ္ဘာကြီးကလည်း စိုးရိမ်မှုတွေ တော်တော်လေး ကြီးမားလာတာပေါ့ဗျာ။ ကမ္ဘာကိုကူညီနေတဲ့ USAID ကြီးတခုလုံးကို သူက ဖျက်သိမ်းလိုက်တယ်ဆိုတော့ ကမ္ဘာအနှံ့မှာ ကသောင်းကနင်းတွေ ဖြစ်ကုန်တယ်။ အထူးသဖြင့် မြန်မာလိုနိုင်ငံမျိုး၊ လူသားစာနာအကူအညီတွေ လိုနေတဲ့နိုင်ငံမျိုး၊ တိုးတက်ဖွံ့ဖြိုးမှုအတွက် လိုနေတဲ့နိုင်ငံမျိုး၊ အထူးသဖြင့် ဒီမိုကရေစီအပြောင်းအလဲအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျနော်တို့လိုနိုင်ငံမျိုးအတွက်ကတော့ အပြင်းအထန် ထိခိုက်နစ်နာမှုတွေရှိခဲ့တာပေါ့ဗျ” လို့ ပြောပါတယ်။

သမ္မတထရမ့်ပ်ဟာ တာဝန်ယူပြီး ရက်ပိုင်းအတွင်းမှာ ကန့်သတ်မိန့်အများအပြားကို လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာကြောင့် ပြည်တွင်း၊ ပြည်ပမှာ အငြင်းပွားစရာ ရိုက်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ 

ထရမ့်ပ်အစိုးရဟာ ကျမ်းသစ္စာကျိန်ဆိုပြီး တလကျော်အကြာ မတ်လကုန်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့စွဲချက်တွေနဲ့ တရားစွဲဆိုမှုပေါင်း ၁၃၂ ခုအထိ ပြန်လည်ကြုံတွေ့ခဲ့ရပြီး ပြည်တွင်းရေး ရှုပ်ထွေးခဲ့ပါတယ်။

ကိုရင်အေး (Save Myanmar-USA) က “တရုတ်နဲ့ကစားတဲ့ကိစ္စကိုပြောရင် ကျနော်တို့အတွက် တစိတ်တပိုင်းအထောက်အကူဖြစ်တယ်။ ဒါပေမဲ့လည်း ဒါကိုလည်း ကျနော်တို့ စိတ်ချထားလို့ မရဘူးဆိုတာဖြစ်တယ်။ ခြုံပြီးပြောမယ်ဆိုရင်တော့ အခက်အခဲမျိုးစုံ ပဋိပက္ခပေါင်းစုံနဲ့ ရုန်းကန်နေရတဲ့ တိုင်းပြည်အတွက်ကတော့ ထရမ့်ပ်ရဲ့ပေါ်လစီက တော်တော်ကြီးကို ဒုက္ခရောက်စေတယ်ပေါ့နော်၊ သက်ရောက်မှုက တော်တော်ကြီးကို ကြီးမားတာပေါ့ ကျနော်တို့တိုင်းပြည်အတွက်။ ဒါပေမဲ့လည်း ခုနကပြောသလို တဖက်မှာ တရုတ်ရဲ့ ကျနော်တို့တိုင်းပြည်မှာ ဝင်ရောက်စွက်ဖက်မှုနဲ့ပတ်သက်လို့ရှိရင် ကျနော်တို့အနေနဲ့က အားကိုးလို့ရမလားဆိုပြီးတော့ ကျနော်တို့ကြိုးစားနေတာရှိတယ်။ ကိုယ့်တိုင်းပြည်အတွက် လိုအပ်မယ်ဆိုတဲ့ဟာတွေကို သူ့ရဲ့ပေါ်လစီထဲကနေရအောင် ကျနော်တို့ လုပ်ယူမယ်ဆိုတဲ့ တိုင်ပင်ဆွေးနွေးမှုတွေ ရှိပါတယ်။ ပြင်ဆင်မှုတွေရှိပါတယ်” လို့ ပြောပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတွေအရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေကို ဘက်ခွဲပြီး ဆက်ဆံသွားမှာမဟုတ်ဘူးလို့ ထရမ့်ပ်အစိုးရအဖွဲ့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ဇန်နဝါရီလထဲမှာ ပြောဆိုထားပါတယ်။ 

ဇန်နဝါရီ ၂၁ ရက်နေ့ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရေး ကန်အထက်လွှတ်တော်ကြားနာပွဲမှာ သံအမတ်ကြီး အယ်လိစ်စတီဖာနစ်က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြရှင်းရေးဟာ ဦးစားပေးအရေးကိစ္စဖြစ်တယ်လို့ အရှေ့တောင်အာရှ နဲ့ မြန်မာ့ရေးရာဆက်စပ်မေးခွန်းကို ဖြေကြားရာမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

ဒီပြောဆိုချက်တွေဟာ တရုတ်နိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ အရှေ့တောင်အာရှဒေသကို အမေရိကန်အစိုးရသစ်က အာရုံစူးစိုက်မှုရှိနေကြောင်း ဖော်ပြခဲ့ကြတာလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

သုတချမ်းသာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013