
မက္ကဆီကိုနိုင်ငံအရှေ့တောင်ပိုင်း တာဘာစ်ကို ပြည်နယ်က နေအိမ်တလုံးမှာ တရားမဝင် သိုလှောင်ထားတဲ့ လောင်စာဆီ လီတာ ၃ သန်းကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ မက္ကဆီကို အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
မေ ၂၉ ရက်က ဖမ်းဆီးရမိမှုဟာ မက္ကဆီကိုနိုင်ငံရဲ့ လောင်စာဆီမှောင်ခိုရောင်းဝယ်မှု တိုက်ဖျက်ရေး တိုက်ပွဲရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။
ဖမ်းမိထားတဲ့ လောင်စာဆီတွေထဲမှာ အစိုးရပိုင် ပဲမက်ခ်စ် ရေနံကုမ္ပဏီရဲ့ ပိုက်လိုင်းတွေကနေ ခိုးယူထားတာတွေနဲ့ အခွန်ရှောင်ဖို့အတွက် ခေါင်းစဉ်လွှဲပြောင်းပြထားတဲ့ အမျိုးအစားတွေအောက်က တင်သွင်းကုန်တွေ ၂ မျိုးလုံး ပါဝင်နေတာပါ။
မော်တော်ယာဉ် ၁၈ စီး၊ စက်ပစ္စည်းအပိုင်းအစ ၃ ခု၊ ရေနံပစ္စည်းလို့ အမျိုးအစားပြထားတဲ့ ဟိုက်ဒရိုကာဗွန် ထည့်ထားတဲ့ သတ္တုကွန်တိန်နာ ၃,၉၀၄ လုံး တို့ကို သိမ်းဆည်းရရှိထားပါတယ် လို့ မက္ကဆီကို လုံခြုံရေးဝန်ကြီးအဖွဲ့က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ဒီသိမ်းဆည်းရမိမှုတွေဟာ မူလအစထွက်ရှိရာကနေ ရောင်းချတဲ့နေရာအထိ လုပ်ငန်းလမ်းကြောင်းကို လေ့လာဖော်ထုတ်နိုင်တဲ့ ခြေရာခံဖော်ထုတ်နိုင်မှုစနစ် အသစ်တခုကြောင့် ဖြစ်လာတာပါလို့ မက္ကဆီကိုသမ္မတ ကလောက်ဒီယာ ရှိန်းဘောင်းမ် က မေ ၃၀ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံပိုင် ပဲမက်ခ်စ် ရေနံကုမ္ပဏီဟာ မက္ကဆီကိုနိုင်ငံတဝန်း တရားမဝင် ပိုက်လိုင်းသွယ်တာတွေကနေ ရေနံစိမ်းနဲ့ သန့်စင်ပြီးရေနံ ခိုးယူတာကို နှစ်ပေါင်းများစွာရင်ဆိုင်ခဲ့ရပြီး ဆုံးရှုံးမှုကြီးကြီးမားမား ကြုံတွေ့ခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အာဏာပိုင်တွေဟာ တာဘာစ်ကိုပြည်နယ်က စီးနင်းမှု ၂ ခုမှာ ဓာတ်ဆီ လီတာ ၁ ဒသမ ၅ သန်းကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ တာမောင်လိပတ်စ် ပြည်နယ်မှာတော့ အမေရိကန်ပြည်ထောင်စုကနေ ရောက်ရှိလာပြီး မက္ကဆီကိုမှာ သီတင်းပတ်ချီရှိနေတဲ့ သင်္ဘောတစင်းကနေ ဓာတ်ဆီလီတာ ၁၀ သန်း ကို တွေ့ရှိခဲ့ပါတယ်။
Source: Reuters