ဧရာဝတီတိုင်း၊ ရေကြည်နဲ့ဒေးဒရဲမြို့နယ်မှာ လေပြင်းတိုက်ခတ်ပြီး လူနေအိမ် ၅၀ လောက် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။
မေ ၂၉ ရက်နဲ့ ၃၀ ရက်မှာ မိုးသည်းသည်းထန်ထန်ရွာသွန်းပြီး လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် ဒေးဒရဲမြို့နယ်က လူနေအိမ် ၃၃ လုံး၊ ရေကြည်မြို့နယ်က လူနေအိမ် ၁၅ လုံး ပျက်စီးခဲ့တာပါ။
ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တယောက်က “မိုးတွေရွာလာပြီး ရုတ်တရက်လေပြင်းဒဏ်ကြောင့် ပျက်စီးခဲ့တာပါ။ ပျက်စီးသွားတဲ့အိမ်တွေက အစုံပါပဲ။ ဒေးဒရဲမြို့နယ်က နွမ်းပါးတဲ့ ဒေသခံတွေရဲ့ အိမ်တွေပါတယ်။ လေကပြင်းတော့ပြိုကျတာ၊ ကံကောင်းလို့ လူတွေ၊ တိရိစ္ဆာန်တွေထိခိုက် သေဆုံးတာမရှိတာ” လို့ ပြောပါတယ်။
ရေကြည်မြို့နယ် သောင်ကြီးကျေးရွာနဲ့ ချောင်းဝကျေးရွာက နေအိမ် ၁၅ လုံးနဲ့ ဒေးဒရဲမြို့နယ်ထဲက တော်ချိုက်ကျေးရွာ၊ တော်ပေါင်စိန်ကျေးရွာနဲ့ ဥသြလမ်းကျေးရွာတို့က နေအိမ် ၃၃ လုံး ပျက်စီး ခဲ့တာဖြစ်ပြီး တစိတ်တပိုင်းပျက်စီးတဲ့အိမ် ၂၂ လုံးနဲ့ လုံးဝပျက်စီးတဲ့အိမ် ၂၆ လုံး ရှိတယ်လို့သိရပါတယ်။
ဒေးဒရဲမြို့နယ်က ဒေသခံတယောက်က “လေက လေဆင်နှာမောင်းလို ဆောင့်တိုက်သွားတာ။် လေပြင်းနဲ့ မိုးဒဏ်ကြောင့်ပျက်စီးတာများသွားတာ။ ပျက်စီးတဲ့ အိမ်တွေထဲမှာ ဓနိအိမ်တွေများတယ်” လို့ ပြောပါတယ်။
အဲဒီ လေပြင်းဒဏ်ကြောင့် နေအိမ်တွေပျက်စီးခဲ့တာအပြင် ရေကြည်မြို့နယ် သောင်ကြီးကျေးရွာအုပ်စု ဝါသလကျေးရွာ မူလတန်းကျောင်း အမိုးလန်ပြီး ကျောင်းဆိုင်းဘုတ်ပြုတ်ကျတာ၊ သီရိမင်္ဂလာတိုက်သစ် ဘုန်းတော်ကြီးကျောင်းဆောင် အမိုးလန်တာတွေပါဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လေပြင်းဒဏ်ကြောင့် ထိခိုက်ပျက်စီး ပြိုလဲတာတွေကို ပရဟိတအဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ဒေသခံတွေက ပူးပေါင်းရှင်းလင်းခဲ့ကြပြီး လေဘေးသင့်ဒေသခံတွေဟာ မိသားစု အသိမိတ်ဆွေ အိမ်တွေမှာ ယာယီပြောင်းရွှေ့နေထိုင်နေတယ်လို့ သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ မေ ၂၇ ရက်က စတင်ဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် ဇွန် ၂ ရက်အထိ ဧရာဝတီတိုင်းအပါအဝင် မြန်မာနိုင်ငံတဝှမ်းမှာ မိုးတွေအဆက်မပြတ် နေရာအနှံ့ရွာသွန်းပြီး လေပြင်းတိုက်ခတ်မယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။