
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့ဆေးရုံကြီးက မနက်ဖြန် ဇွန် ၁ ရက်နေ့မှာ မြေငလျင်သတိပေးစနစ်ကို စမ်းသပ်မှာဖြစ်လို့ အထိတ်တလန့်မဖြစ်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။
အဲဒီ အသံသတိပေးစနစ်ဟာ ထုတ်လွှင့်ရာနေရာကနေ မီတာ ၈၀၀ ပတ်ဝန်းကျင်အထိပျံ့နှံ့နိုင်ပြီး ဆေးရုံကြီးအနီးက လူနေရပ်ကွက်တွေ အထိတ်တလန့်ဖြစ်စေမယ့် အခြေအနေရှိကြောင်းကိုလည်း အသိပေးချက်မှာ ဖော်ပြထားပါတယ်
မဲဆောက်အထွေထွေဆေးရုံကြီးရဲ့ မြေငလျင်သတိပေးချက် အသံစနစ်ကို ဇွန် ၁ ရက်နေ့၊ ထိုင်းစံတော်ချိန် မနက် ၁၀ နာရီ ၁၀ မိနစ်မှာ တကြိမ်ထုတ်လွှင့်မယ်လို့ ဆိုပါတယ်
မဲဆောက်ဆေးရုံမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတယောက်က “မြေငလျင်သတိပေးချက် အသံစနစ်စမ်းသပ်မှာ။ တကယ်လို့ ပထမအကြိမ် ၁ဝ နာရီ ၁ဝ မိနစ်မှာ စမ်းသပ်မှု မအောင်မြင်ခဲ့ရင်တော့ မနက် ၁၀ နာရီ ၄၀ မိနစ်မှာ နောက်ထပ်တခေါက်အဖြစ် ထုတ်လွှင့်မှာဖြစ်တယ်” ပြောပါတယ်။
စမ်းသပ်မယ့် မြေငလျင်သတိပေးချက်ရဲ့ အသံထုတ်လွှင့်မှုဟာ ကျယ်လောင်ဆူညံပြီး မီတာ ၈၀၀ ပတ်လည်က သက်ကြီးရွယ်အိုနဲ့ နာတာရှည်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ မဲဆောက်မြို့ ပြည်သူ့ကျန်းမာရေးက အသိပေးထားပါတယ်။