
အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး ပြည်သူကိုလည်း စိတ်ရှိတိုင်း ပစ်သတ်နေတဲ့ စစ်ကောင်စီ အပေါ် အာဆီယံခေါင်းဆောင်တွေက အသိအမှတ်ပြု ချီးကျူးလိုက်ပြန်တယ်။
မေလ ၂၆ ရက်နဲ့ ၂၇ ရက်၊ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး ကြေညာချက်မှာ ချီးကျူးလိုက်ခြင်း ဖြစ်တယ်။
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက ၃ ကြိမ်ဆက်တိုက် ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့တာနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အပစ်ရပ် ကြေညာချက်တွေကို အာဆီယံက အသိအမှတ်ပြု ချီးကျူးလိုက်တာပါ။ ဒါ့အပြင် အကြမ်းဖက်မှုတွေ ရပ်တန့်ရေးရဲ့ ကနဦးအဆင့်အနေနဲ့ အပစ်ရပ်ခြင်းကို ဆက်လက်သက်တမ်းတိုးပြီး တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖော်ဆောင်ဖို့လည်း အာဆီယံ ခေါင်းဆောင်တွေက တောင်းဆိုလိုက်တယ်။
စစ်ကောင်စီဟာ ဖျက်အားပြင်းငလျင်လှုပ်အပြီး ဧပြီ ၂ ရက်ကစလို့ မေလကုန်အထိ အပစ်ရပ်ကြောင်း ၃ ကြိမ် ကြေညာခဲ့ပြီး အပစ်ရပ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၇၁ ကြိမ် အပါအဝင် တိုက်ခိုက်မှုပေါင်း ၂၄၃ ကြိမ် ကျူးလွန်ခဲ့ရာမှာ အရပ်သား ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက မေ ၂ ရက်မှာ ထုတ်ပြန်ခဲ့ပေမဲ့ အာဆီယံခေါင်းဆောင်တွေက ပြတ်ပြတ်သားသား သွေးကြောင်စွာနဲ့ မမြင်ချင်ယောင်ဆောင်လိုက်တယ်။
အာဆီယံခေါင်းဆောင်တွေရဲ့ သွေးကြောင်မှုက ကမ္ဘာနဲ့ချီ တုန်လှုပ်ခဲ့ကြရတဲ့ မေ ၁၂ ရက်၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုကိုတောင် မမြင်ချင်ယောင်ဆောင်တဲ့အထိပါပဲ။ အိုးတိန်တွင်းရွာ စာသင်ကျောင်းဟာ သာမန်တိုက်ခိုက်ခံရခြင်း မဟုတ်ပါဘူး။ ကလေးတွေ စာသင်နေတဲ့အချိန်မှာ စာသင်ကျောင်းမှန်းသိလျက်နဲ့ ဗုံးကြဲချခံရတာပါ။ အဲဒီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းသူ/သား ၂၂ ဦးနဲ့ ဆရာမ ၂ ဦး သေဆုံးပြီး အယောက် ၁၀၀ ကျော် ဒဏ်ရာရ။ စစ်ကောင်စီက အပစ်အခတ်ရပ်ထားကြောင်း ကြေညာထားချိန်မှာ တိုက်ခိုက်ခြင်း။
ဆက်လက်ပြီး မေလ ၁၃ ရက်မှာလည်း ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးတဦး အပါအဝင် အရပ်သား ၁၃ ဦးထက်မနည်း သေဆုံးခဲ့တာနဲ့ မေလ ၂၅ ရက်၊ ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာရှိ မင်္ဂလာဧည့်ခံပွဲနေအိမ်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့လို့ သတို့သမီး အပါအဝင် ပြည်သူ ၁၂ ဦး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့တာဟာ မေလအတွင်း ထင်ရှားတဲ့ စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပါပဲ။
အာဆီယံခေါင်းဆောင်တွေဟာ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာပြီး ပြည်သူသတ်နေတာကိုလည်း မသိချင်ယောင်ဆောင်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ကျန်ရစ်သူမိသားစုတွေကို စာနာထောက်ထား ဝမ်းနည်းမိကြောင်းပင် မဆို။ စစ်ကောင်စီရဲ့ ကြောက်မက်ဖွယ် ရာဇဝတ်မှုအပေါ် ကန့်ကွက်ရှုတ်ချဖို့ ဝေးစွ။ စစ်ကောင်စီရဲ့ အပစ်ရပ် ကြေညာချက်ကိုတောင် အသိအမှတ်ပြု ချီးကျူးလိုက်သေးတယ်ဆိုတော့ စာရွက်ပေါ်မှာ အပစ်ရပ်ပြီး ပြည်သူသတ်နေခြင်းကို အာဆီယံခေါင်းဆောင်တွေက ထောက်ခံမှု ပေးလိုက်တဲ့သဘော။ စစ်ကောင်စီ ပြည်သူဘယ်လောက်သတ်သတ် မသိချင်ယောင်ဆောင်ခဲ့တဲ့ အာဆီယံရဲ့မူကို အခု ၄၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာလည်း လက်ဆင့်ကမ်း သယ်ဆောင်လိုက်ခြင်းလို့ ဆိုရပါမယ်။ ဒါကို နောက်တနည်း ထပ်ပြောရရင် မြန်မာပြည်သူတွေ ဘယ်လောက်သေသေ ငါတို့နဲ့မဆိုင်ဘူးလို့ အာဆီယံခေါင်းဆောင်တွေက အသံတိတ် ဖော်ပြလိုက်ခြင်းပါပဲ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ ဦးခေါင်းကျည်သင့် ကျဆုံးခဲ့တဲ့ မြသွဲ့သွဲ့ခိုင် ကစလို့ ဒီနေ့ထိတိုင် စစ်ကောင်စီရဲ့ ပြည်သူသတ်ဖြတ်မှု အစုစုတို့ကို ဆွံ့အ နားမကြားချင်ယောင် ဆောင်ခဲ့တာပါ။ ပြောရရင် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အထမြောက်လာစေရေးအတွက် (မင်းအောင်လှိုင်နဲ့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်ပိတ်တာကလွဲလို့) စစ်ကောင်စီအငြိုအငြင်မခံရရေးကို ကျစ်ကျစ်ပါ ဆုပ်ကိုင်ခဲ့တာပါ။ ဒါ့ကြောင့် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုမှန်သမျှကို မသိချင်ယောင်ဆောင်။ အဲဒီလို မသိချင်ယောင်ဆောင်လို့ရော အကြမ်းဖက်မှုတွေ လျော့ကျသွားသလားဆိုတော့ ပိုမို များပြားလာရုံသာမက အိုးတိန်တွင်းရွာ စာသင်ကျောင်း တိုက်ခိုက်ခံရမှုလို အင်မတန် လက်ယဉ်တဲ့ အကြမ်းဖက်သမားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုးအထိ ကြောက်စရာကောင်းခဲ့တာပါ။
သေချာတာကတော့ စစ်ကောင်စီရဲ့ အကြမ်းဖက်နေမှုကို မသိချင်ယောင်ဆောင်ခြင်းနည်းနဲ့ မဟန့်တားနိုင်ခဲ့ပါဘူး။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် သက်တမ်းဟာ အခုဆို ၄ နှစ်ကျော်ခဲ့ပေမဲ့ သုညကမ္ဘာမှာ ပက်လက်၊ ဒါပေမဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ နောက်ဆုံးထုတ် ကြေညာချက်ထဲမှာတော့ ဒီမူ ၅ ရပ်ကိုပဲ (ဘုရားဟောတရား ထာဝရအမှန်တရားပမာ) အဓိက ရည်ညွှန်းချက်အဖြစ် ဆက်လက်ကိုင်စွဲသွားမယ်လို့ ဆိုပြန်ပါတယ်။
လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ ညှိနှိုင်းမှုအဆင့်တွေကို ဖြတ်သန်းနေတယ်လို့ ပြောသလို တဖက်မှာလည်း အခြေအနေတိုင်းက ထိလွယ်ရှလွယ် ရှိနေဆဲပဲလို့ ပြောပြန်ပါတယ်။ သူ့ရဲ့ ဆိုလိုရင်းက မြန်မာ့အရေးဟာ နေ့ချင်းညချင်း အောင်မြင်သွားနိုင်သလို အချိန်မရွေးလည်း ကြေမွ ပျက်စီးသွားနိုင်ကြောင်း သာမန်လူတယောက်တောင် ဟောနိုင်တဲ့ မြှောက်စားခြောက်စား ဟောကိန်းမျိုးပါပဲ။
မလေးရှားဝန်ကြီးချုပ် အန်ဝါက စစ်ကောင်စီနဲ့တင်မကဘဲ NUG အစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ပါ တရားဝင် ထိတွေ့ဆက်ဆံခဲ့တဲ့အပေါ် အဆင့်သစ်တခုသို့ တက်လှမ်းနိုင်ခြင်းအဖြစ် ဂုဏ်ယူနေသလို မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းနေမှုဟာ တိုးတက်မှု ရှိတယ်လို့လည်း မေ ၂၆ ရက်၊ အာဆီယံ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့တာဟာ ကိုယ့်ရုပ်ကိုယ် မှန်ထဲကြည့်ကာ ငါချောလာတယ်လို့ ဆိုလိုက်သလိုပါပဲ။
အာဆီယံခေါင်းဆောင်တွေရဲ့ နောက်ထပ် အကြီးကျယ်ဆုံး မသိချင်ယောင်ဆောင်မှုက စစ်ကောင်စီ ရွေးကောက်ပွဲအပေါ် သဘောထား မပေးနိုင်ခြင်းပါပဲ။ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဟာဆန်က စစ်ကောင်စီရွေးကောက်ပွဲဟာ ပြင်ပကမ္ဘာကို လှည့်ဖျားရန် ပြပွဲတခုသာ ဖြစ်ကြောင်း ဝေဖန်ကာ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင် နှပ်ကြောင်းပေးခဲ့ပါတယ်။ အာဆီယံခေါင်းဆောင်များကြား စစ်ကောင်စီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပုံရပေမဲ့ ဘုံသဘောထား အဖြေတခု ထွက်မလာပါဘူး။ အာဆီယံဘုံသဘောတူညီချက်ငါးရပ်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတဲ့ စစ်ကောင်စီရဲ့ ငါတကော ရွေးကောက်ပွဲကို အာဆီယံ ခေါင်းဆောင်တွေက စစ်ကောင်စီငြိုငြင်မှာ စိုးတာကြောင့် ထုတ်ဖော်ပြောကြားရဲပုံမပေါ်။ သူတို့နဲ့ ဘာမှ မသက်ဆိုင်သလို ကျော်ချသွားဦးမယ့် သဘောလားလို့ မေးခွန်းထုတ်ရပါမယ်။
ဆိုတော့ အခုကျင်းပပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးရဲ့ မြန်မာ့အရေးထုတ်ပြန်ချက်ကို တခွန်းတည်း ချုပ်ရရင် သေမှာကြောက်နေတဲ့ သေခါနီးလူမမာတယောက်ကို နောက်ထပ် အသက်ကယ်ဆေး ထပ်ထိုးပေးလိုက်တာပါပဲ။ နွေဦးပြည်သူတွေကတော့ အာဆီယံဆိုတဲ့ အသံကို လုံးဝမကြားချင်တော့ရုံတင်မက အာဆီယံရဲ့ အခန်းကဏ္ဍကိုပါ လုံးဝခေါက်ထားဖို့ တောင်းဆိုနေပြီပဲ ဖြစ်ပါတယ်။
လင်းဆက်ငြိမ်းချမ်း