
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် မင်းတပ်တောင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ တိုင်းစစ်ဦးစီးမှူး ပထမတန်းအဆင့် ဒုဗိုလ်မှူးကြီး အပါအဝင် စစ်သုံ့ပန်းအမြောက်အမြားကို ဖမ်းဆီးရမိထားတယ်လို့ စစ်ရေးသတင်းရင်းတွေက ပြောပါတယ်။
မေ ၃၀ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းနဲ့ အာရက္ခတပ်တော် AA တို့ မင်းတပ်တောင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ဒုဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်သား အများအပြားကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“စစ်ကောင်စီက မင်းတပ်တောင်ဘက်ကို စစ်ကြောင်းထိုးလာတာကို AA က ဝိုင်းပြီးတိုက်ကြတာမှာ ဒုဗိုလ်မှူးကြီးနဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိတာဖြစ်တယ်။ သူတို့က စက်မှုလက်မှု သင်တန်းကျောင်းမှာ တပ်စွဲထားကြတာဖြစ်ပြီး စစ်ကြောင်းထိုးတာမှာ လက်ရဖမ်းဆီးခံလိုက်ကြရတာ ဖြစ်တယ်။ ကျောက်ဖြူရဲ့တိုက်ပွဲအခြေအနေတွေကတော့ ဒီရက်ပိုင်းမှာ တော်တော်ကို ပြင်းထန်နေတယ်လို့ ပြောလို့ရတယ်။ အဓိက စစ်ကောင်စီက စစ်ကြောင်းလှုပ်ရှားလာတာကြောင့် တိုက်ပွဲပြင်းထန်လာကြရတာ”
တိုက်ပွဲအတွင်း တိုင်းစစ်ဦးစီးမှူး (ပထမတန်း)/ကပအမ - ကြည်း/၃၇၅၃၂ ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့အတူ စစ်သုံ့ပန်းတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရခဲ့တာလို့ သိရပါတယ်။
မေ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ တပ်မ ၁၁ ခြေမြန်တပ်ရင်းဌာနချုပ်က နည်းဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်မျိုးအောင်၊ နောက်ထပ် ဗျူဟာမှူးတယောက်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကိုလည်း AA ရဲ့ စနိုက်ပါတပ်ဖွဲ့က ရှင်းလင်းနိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုကြပါတယ်။
ကျောက်ဖြူမြို့နယ်မှာ AA က မင်းတပ်တောင်၊ နှင်းဖဲတောင် အပါအဝင် စစ်ကောင်စီရဲ့ အမှတ် ၃၂ ရဲတပ်ရင်းရဲ့ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၂၃ ၊ ဓညဝတီရေတပ်ဌာနချုပ်၊ အမှတ် ၃၂ ရဲတပ်ရင်းတို့ရှိကြပြီး လက်ရှိမှာ အမှတ် ၃၂ ရဲတပ်ရင်းအနီးမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့ပေါ်က စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတချို့နဲ့ တရုတ်စီမံကိန်းတွေက ဝန်ထမ်းတချို့ဟာ ပြည်မဘက်ကိုထွက်ခွာနေကြတယ်လို့ သိရပါတယ်။