
ဆွစ်ဇာလန်နိုင်ငံ၊ ဗဲလယ်ခရိုင်၊ လွတ်ချ်ချင်တားလ်တောင်တန်းဒေသအတွင်းရှိ ဘလက်တန် ကျေးရွာမှာ ဘာ့ချ်ရေခဲတောင်ပြိုကျမှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး ကျေးရွာတစိတ်တပိုင်း နစ်မြုပ်သွားခဲ့ပါတယ်။
မေလ ၂၈ ရက်က တောင်ပေါ်မှ မြေပြိုကျခဲ့လို့ ဘလက်တန်ကျေးရွာရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို ရေခဲတွေ၊ ရွှံ့တွေနဲ့ ကျောက်တုံးတွေ ဖုံးလွှမ်းသွားခဲ့ပါတယ်။
ဘာ့ချ် ရေခဲတောင် အနောက်ဘက်ရှိ တောင်တစိတ်တပိုင်း စတင်ပြိုအက်ကျလာခဲ့ပြီးနောက် မေလအစောပိုင်းက အဲဒီမှာ နေထိုင်သူ ၃၀၀ လောက်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်။
ရှာဖွေရေးခွေးတွေနဲ့ အပူစူးစမ်းရှာဖွေတဲ့ ဒရုန်းတွေကို အသုံးပြုကြတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ပျောက်ဆုံးနေတဲ့ အသက် ၆၄ နှစ်အရွယ် အမျိုးသားတယောက်ကို ဆက်လက် ရှာဖွေနေခဲ့ပေမဲ့ ဘာမှ မတွေ့ရသေးပါဘူး။
ဒေသခံရဲတပ်ဖွဲ့က ကြာသပတေးနေ့ ညနေပိုင်းမှာ ရှာဖွေမှုကို ရပ်ဆိုင်းခဲ့ပြီး အပျက်အစီးပုံတွေဟာ အခုထိ မငြိမ်မသက်ဖြစ်နေသေးတယ် လို့ ပြောပါတယ်။
ရေခဲပြင်ပညာရှင် ဒေါက်တာ မီလင်းန်ယက်ကမာ့ထ်ကတော့ တောင်တန်းဒေသတွေမှာ နှစ်ပေါင်းများစွာအတွင်း ရေခဲတွေ ပေါင်းစုကာ ထုထည်ဖြစ်လာနေပြီးတော့ ပြီးခဲ့တဲ့ ၂ ပတ်အတွင်း ကျောက်တုံးကြီးတွေ မတည်မငြိမ် ဖြစ်နေတာတွေကို တွေ့ခဲ့ရပါတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
နောက်ဆုံးတော့လည်း ရေခဲမြစ်ရဲ့ ရေခဲနဲ့ ရေခဲမြစ်ထိပ်မှာ အနည်ကျ စုပုံနေတဲ့ ကျောက်တုံးတွေ ပြိုကျသွားတာပဲလို့လည်း ဆိုပါတယ်။
ဒီဖြစ်စဉ်အတွက် ရာသီဥတုပြောင်းလဲမှုက အကြောင်းရင်း ဟုတ် မဟုတ် သေချာ အတိအကျ မပြောနိုင်ပေမဲ့ အဲဒီအဆင့်မှာ လုပ်ဆောင်နိုင်တဲ့ တခုတည်းသောအရာက ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်ဖို့ အမှန်တကယ် ကြိုးစားရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ဆွစ်ဇာလန်စစ်တပ်က အခြေအနေကို အနီးကပ်စောင့်ကြည့်ခဲ့သလို လွန်ဇာ မြစ်လမ်းကြောင်းတ လျှောက် ၂ ကီလိုမီတာနီးပါး အပျက်အစီးတွေ ပိတ်ဆို့နေပြီး အဲဒီအပျက်အစီးတွေကြားထဲမှာ ရေကန်ကြီးတခု ဖြစ်ပေါ်လာတာကြောင့် ရေကြီးမှု အန္တရာယ်ကို တချို့ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
Source:Reuters