DVB Logo
Home
မြန်မာသတင်း
မိုးဆက်တိုက်ရွာနေသဖြင့် ရခိုင်စစ်ရှောင်စခန်းများ နေထိုင်ရေးအခက်ကြုံ 
DVB
·
May 31, 2025
မိုးဆက်တိုက်ရွာနေသဖြင့် ရခိုင်စစ်ရှောင်စခန်းများ နေထိုင်ရေးအခက်ကြုံ 
Donate to DVB

မိုးတွင်းကာလ ရောက်ရှိနေပြီ ဖြစ်တာကြောင့် ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရေး အခက်အခဲတွေနဲ့ ကြုံနေရပြီး ‌အမိုးအကာတွေကို အရေးတကြီး လိုအပ်နေတယ်လို့ စစ်ရှောင်တွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ရဲ့ တကျော့ပြန်တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ဦး‌ရေ ၆ သိန်းကျော်လောက် ရှိနေတာပါ။

ရခိုင်က စစ်ဘေးရှောင်အများစုဟာ တောတောင်တွေထဲမှာ တာပေါ်လင်စတွေနဲ့ ယာယီတဲထိုး နေကြရသလို တချို့ကလည်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေမှာ နေကြရပြီး လက်ရှိမှာ မိုးတွင်းကာလရောက်ရှိနေပြီ ဖြစ်တာကြောင့် အမိုးအကာတွေ အရေးတကြီးလိုအပ်နေတာလို့ စစ်ရှောင်တွေဆီက သိရပါတယ်။

လက်ရှိမှာ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်အရှိန်ကြောင့် လေပြင်းတိုက်ခတ်နေပြီး မိုးတွေ ဆက်တိုက်ရွာသွန်းနေတာကြောင့် အမိုးအကာတွေ လုံခြုံမှုမရှိလို့ အိပ်စက်ဖို့အတွက် နေရာအခက်အခဲတွေအပြင် ချက်ပြုတ်စားသောက်ဖို့နေရာလည်း အခက်အခဲတွေရှိနေတယ်လို့ ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ပုဏ္ဏားကျွန်းနေ စစ်ရှောင်ကူညီသူတယောက်က “မိုးရွာနေတာက ဒီနေ့နဲ့ဆိုရင် ၅ ရက်လောက်ရှိနေပြီ၊ အခုလို မိုးဆက်တိုက်ရွာနေတော့ စစ်ဘေးရှောင်တွေက အရင်ကတည်းက အိမ်ဆိုပြီးတော့ ခိုင်ခိုင်မာမာနဲ့ဆောက်ပြီး နေရတာမဟုတ်ဘူး။ ကိုယ်တို့မှာရှိတဲ့ တာပေါ်လင်စတွေ၊ တချို့အိမ်တွေဆိုရင် ဂုန်နီအိတ်တွေနဲ့ ဖာထေးပြီးတော့ နေနေကြရတာပါ။ ဒါကြောင့် မိုးယိုတာတွေ၊ အိမ်ထဲကို မိုးပက်တာတွေ ရှိပါတယ်။ တချို့စစ်ဘေးရှောင်တွေက ရှိတဲ့ဟာတွေနဲ့ ဖာထေးပြီးတော့ လုံခြုံအောင်နေကြတယ်။ ဒါပေမဲ့ မရှိဆင်းရဲသားတွေက ပိုများတော့ မလုပ်နိုင်ဘူး။ ဒီအတိုင်းပဲ မိုးရေထဲမှာ စိုစွတ်ပြီး နေနေကြတဲ့သူတွေလည်းရှိတယ်။ တချို့ကျတော့ ဘုန်းကြီးကျောင်းတွေမှာ ဝင်ပြီးနေနေကြတယ်။ လက်ရှိမှာလည်း မုန်တိုင်းတိုက်မယ့် အခြေအနေရှိတာကြောင့် အဘက်ဘက်က စိုးရိမ်မှုတွေ များနေကြပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် ကျောက်ဖြူမြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် စစ်ရှောင်ဦးရေ ပိုများလာတဲ့အပြင် မိုးတွေဆက်တိုက်ရွာနေလို့ စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။

ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေ အပါအဝင် သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေဟာ မိုးရာသီရောက်လာတဲ့တိုင် အမိုးအကာလုံခြုံမှုအောက်မှာ မရှိသေးတာကြောင့် အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်ကူညီပေးသူတယောက်က “လက်ရှိမှာ သူတို့အတွက် အရေးပေါ်လိုအပ်ချက်တွေက မိုးရာသီရောက်လာပြီဆိုတော့ အမိုးအကာအောက်ကို ရောက်ဖို့ အရေးကြီးပါတယ်။ အမိုးအကာအောက်ကို ရောက်ဖို့အတွက် ယာယီတဲတွေ၊ အမိုးအကာတွေ၊ ပြီးရင် မိုးရာသီမှာ ခြင်တွေရန်က ကာကွယ်ဖို့အတွက် ခြင်ထောင်တွေ အရေးတကြီးလိုအပ်နေပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေက ကြိုပြီးစု‌ဆောင်းထားပေမဲ့ ဖူလုံမှုမရှိဘူး” လို့ ပြောပါတယ်။

ရခိုင်မှာ တကျော့ပြန်တိုက်ပွဲစကတည်းက စစ်ကောင်စီက ဆေးဝါးသယ်ယူခွင့်နဲ့ လမ်းပန်းဆက်သွယ်ရေးကို ပိတ်ဆို့ဖြတ်တောက်ထားတာကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းကြီးမြင့်တဲ့အပြင် ဆေးဝါးတွေကို ဈေးကြီးပေးဝယ်နေရတာပါ။

မေ ၃၀ ရက် စစ်ကောင်စီ မိုးဇလဌာနရဲ့ ထုတ်ပြန်ထားချက်အရ မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းအလွန်ကြီးမယ်လို့ ဆိုထားပါတယ်။

မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်၊ မြေပြင်လေဟာ တနာရီကို မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၁၄ ပေမှ ၁၆ ပေခန့် ရှိနိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်ဟာ အဆိုးရွားဆုံး အခြေအနေမှာ ရှိနေပြီးတော့ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ရေအပါအဝင် နေရေးထိုင်ရေးတွေမှာ လိုအပ်ချက် မြင့်မားနေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013