
စစ်အုပ်စုသည် မေလ ၃၁ ရက်နေ့အထိ အပစ်ရပ်မည်ဟူ၍ ရယ်စရာကောင်း၍ ယုတ္တိမဲ့သော ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်တခုကို ထုတ်ပြန်ခဲ့သည်။ သို့သော် ထို့နောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်လာခဲ့ပြီး သဘာဝဘေးအန္တရာယ် ကျရောက်နေသော ဒေသများကို လူသတ်ကွင်းများအဖြစ်သို့ ပြောင်းလဲလိုက်သည်။
အာဆီယံသည် ၎င်း၏ အရေးပါမှုနှင့် ဂုဏ်သိက္ခာကို ပြန်လည်သုံးသပ်ရမည့် အချိန်တခုသို့ ရောက်ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း လေးနှစ်တာ ကာလအတွင်း အာဆီယံ၏ တုံ့ပြန်မှုများသည် မအောင်မြင်မှုများ၊ စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ကြံရာပါ ပါဝင်ပတ်သက်မှုများနှင့်သာ ပြည့်နေခဲ့သည်။ အစွယ်မပါသော အချက်ငါးချက်ပါ ဘုံသဘောတူချက်သည် စစ်အုပ်စုကို အကာအကွယ်ပေးသော စာရွက်တခုထက် မပိုချေ။ ဤသဘောတူချက်သည် မြန်မာပြည်သူများအပေါ် ပြောမပြနိုင်လောက်အောင် ဆိုးရွားသော ရက်စက်မှုများ ကျူးလွန်နေသည့် လူသတ်စစ်အုပ်စုအတွက် အပေါ်ယံ တရားဝင် အသိအမှတ်ပြုမှုတခု ဖြစ်စေခဲ့သည်။
ဤအခြေအနေတွင် ဘာဆက်လုပ်ရန် လိုအပ်သနည်း။ မလေးရှားက ၄၆ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံကို လက်ခံကျင်းပရန် ပြင်ဆင်နေချိန်တွင် အာဆီယံသည် ရှင်းလင်းပြတ်သားသော အရှိတရားတခုနှင့် မဖြစ်မနေရင်ဆိုင်ရန် လိုအပ်သည်။ ကျင့်ဝတ်နှင့် ပိုမိုကိုက်ညီမှုရှိသော ရပ်တည်ချက်တခုအပေါ် အခြေခံသည့် ပိုမိုပြင်းထန်ပြတ်သားသော အရေးယူ ဆောင်ရွက်မှုများကသာ လူ့အသက်များကို ကယ်တင်ပေးနိုင်ကာ မြန်မာနိုင်ငံအတွက် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ယူဆောင်လာပေးနိုင်မည်ဖြစ်ပြီး ထိုနည်းလမ်းဖြင့်သာ အာဆီယံ၏ ဂုဏ်သိက္ခာကို ပြန်လည်အဖတ်ဆယ်နိုင်မည်ဟူသည့် ပကတိ အရှိတရား ဖြစ်သည်။ မြန်မာ့အရေးသည် မလေးရှား၏ ခေါင်းဆောင်မှုကိုသာမက အာဆီယံ၏ အခြေခံအုတ်မြစ်များ ဖြစ်သော ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးဆိုင်ရာ အခြေခံမူများကို အာဆီယံကိုယ်တိုင်က မည်မျှအလေးအနက်ထားကြောင်း ဆန်းစစ်ပေးမည့် စာမေးပွဲတခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပြီးနောက်ပိုင်း မြန်မာစစ်တပ်သည် အရပ်သားပြည်သူများအပေါ် ညှာတာမှုကင်းမဲ့သော ရမ်းကား အကြမ်းဖက်သည့် စစ်ဆင်ရေးများ ပြုလုပ်လာခဲ့သည်။ စစ်အုပ်စုသည် နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄,၀၀၀ ကျော် ပြုလုပ်ခဲ့ပြီး လူနေအိမ် ၁၀၀,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ အစုလိုက်သတ်ဖြတ်မှု ၃၄၃ ကြိမ်မက ကျူးလွန်ခဲ့သည်။
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်သည် ဘက်ပေါင်းစုံမှ ချွတ်ခြုံကျနေသော မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှု အကျပ်အတည်းကို ပိုမိုဆိုးရွား ပြင်းထန်သွားစေခဲ့သည်။ သို့သော် စစ်အုပ်စုသည် အကြမ်းဖက်မှုများ တိုးမြှင့်ဆောင်ရွက်ခြင်း၊ အကူအညီများ တားဆီးပိတ်ပင်ခြင်းနှင့် လက်နက်အဖြစ် အသုံးပြုခြင်း စသည့်လုပ်ရပ်များဖြင့်သာ ငလျင်အခြေအနေကို တုံ့ပြန်ခဲ့သည်။
ငလျင်လှုပ်ပြီးနောက် အပစ်အခတ်ရပ်စဲရန် အာဆီယံက တိုက်တွန်းခဲ့သည်။ ထိုသို့ တိုက်တွန်းခြင်းသည် ကြိုဆိုထိုက်သော်လည်း တကယ်တမ်း နောက်ဆုံးတွင် အနှစ်သာရမရှိသော လုပ်ရပ်တခုသာ ဖြစ်သည်။ စစ်အုပ်စုသည် မေလ ၃၁ ရက်နေ့အထိ အပစ်ရပ်မည်ဟူ၍ ရယ်စရာကောင်း၍ ယုတ္တိမဲ့သော ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်တခုကို ထုတ်ပြန်ခဲ့သည်။ သို့သော် ထို့နောက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်လာခဲ့ကာ သဘာဝဘေးအန္တရာယ် ကျရောက်နေသော ဒေသများကို လူသတ်ကွင်းများ အဖြစ်သို့ ပြောင်းလဲလိုက်သည်။ စစ်အုပ်စုသည် ငလျင်လှုပ်ပြီးနောက်ပိုင်း ငလျင်ဒဏ်သင့် ဒေသများတွင် တိုက်ခိုက်မှုအကြိမ်ရေ ၇၃၀ အထိ ပြုလုပ်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံ မကျင်းပမီ ရက်သတ္တပတ် အနည်းငယ်အလို မေလ ၁၂ ရက်နေ့တွင်လည်း စစ်ကိုင်းတိုင်းရှိ စာသင်ကျောင်းတခုအား လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အနည်းဆုံး ကလေးသူငယ် ၂၂ ဦးနှင့် ဆရာ ၂ ဦး သေဆုံးခဲ့သည်။ ဤလုပ်ရပ်သည် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုကို ထပ်မံသတိပေးနေသည့် ကြောက်မက်ဖွယ် ဖြစ်စဉ်တခု ဖြစ်သည်။
အာဆီယံသည် စစ်အုပ်စု၏ အကြမ်းဖက်မှုများကို စကားလုံးများဖြင့် ရပ်တန့်ရန် မစွမ်းနိုင်ပါက အာဆီယံကို ဘာကြောင့် ဖွဲ့စည်းထားကြောင်း ပြန်လည်မေးခွန်းထုတ်ရန် လိုအပ်နေပြီး မည်သည့် လက်တွေ့အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားရန်ရှိကြောင်းလည်း မေးခွန်းထုတ်ရန် လိုအပ်နေသည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ အာဆီယံသည် အမှားများချည်းသာ တခုပြီးတခု ဆက်တိုက် ပြုလုပ်နေသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နှင့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်တို့၏ တွေ့ဆုံမှုသည် အာဆီယံက လမ်းမှားရောက်နေကြောင်း ဖော်ပြနေသည့် အကောင်းဆုံးသာဓက ဖြစ်သည်။ ထိုသို့သော အဆင်အခြင်မဲ့ ထိတွေ့ဆက်ဆံမှုမျိုးသည် မြန်မာပြည်သူများကို ထိခိုက်မှုများသာ ဖြစ်စေသည်။ ၎င်းသည် အလွန်အန္တရာယ်များသော လုပ်ရပ်ဖြစ်ပြီး အာဆီယံအနေဖြင့် မြန်မာပြည်သူများ၏ ဘဝများနှင့် လူသားအခွင့်အရေးများထက်စာလျှင် လက်ကြောမတင်းသော နိုင်ငံရေးချဉ်းကပ်ပုံနှင့် အနှစ်သာရမရှိသော “တွေ့ဆုံဆွေးနွေးမှု” ကိုသာ ဦးစားပေးသွားမည်ဟု အချက်ပေးသလို ဖြစ်နေသည်။
ဤနည်းလမ်းသည် သံတမန်ဆက်ဆံရေးမဟုတ်ပါ။ လက်လျှော့အညံ့ခံသည့် ရွှေပြည်အေးဝါဒသာ ဖြစ်သည်။ လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားသည် အာဆီယံကို လမ်းမှန်ပေါ်ရောက်အောင် ပြန်လည်တည့်မတ်ပေးရန် အခွင့်အလမ်းနှင့် တာဝန်ရှိနေသည်။ လက်ရှိတွင် မြန်မာပြည်သူများသည် စစ်အာဏာရှင်စနစ်ကို အပြီးတိုင် အဆုံးသတ်၍ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည်။ မလေးရှားသည် ကျင့်ဝတ်နှင့်အညီ ရဲရင့်သော ဦးဆောင်မှုဖြင့် ဤအဆုံးအဖြတ် အခိုက်အတန့်တခုကို အမိအရ ဖမ်းဆုတ်၍ အာဆီယံက မြန်မာပြည်သူများ၏ တော်လှန်ရေးကို တက်ညီလက်ညီ အားပေးထောက်ခံလာအောင် ဆောင်ရွက်သင့်သည်။ ဦးစွာ အာဆီယံနှင့် အဖွဲ့ဝင်နိုင်ငံများသည် စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်မှုများ အားလုံးကို ချက်ချင်းဖြတ်တောက်ရမည်။ တရားဝင်မှုမရှိသော စစ်အုပ်စု၏ မည်သည့်ကိုယ်စားလှယ်ကိုမှ အာဆီယံ ထိပ်သီးညီလာခံ အပါအဝင် မည်သည့် အာဆီယံ အစည်းအဝေးများ၏ မည်သည့်အဆင့်တွင်မှ တက်ရောက်ပါဝင်ခွင့် မပြုသင့်ပေ။ အာဆီယံသည် တရားမဝင်စစ်အုပ်စုကို ချက်ချင်း လုံးဝဥဿုံ ပစ်ပယ်ရန် လိုအပ်ပြီး သို့မှသာ အာဆီယံသည် ၎င်း၏သိက္ခာနှင့် အရေးပါမှုကို ပြန်လည် သက်သေထူနိုင်မည် ဖြစ်သည်။
ဒုတိယအနေဖြင့် အာဆီယံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် အရပ်ဘက် အဖွဲ့အစည်းများကဲ့သို့ တရားဝင် လူထုကိုယ်စားလှယ်များနှင့် တရားဝင် ထိတွေ့ဆက်ဆံမှု ပြုလုပ်ရမည်။
ဤအစုအဖွဲ့များသည် မြန်မာပြည်သူများ၏ အကောင်းဆုံးအကျိုးနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်နှင့် လူ့အခွင့်အရေးကဲ့သို့ ၎င်းတို့၏ ဒီမိုကရေစီ မျှော်မှန်းချက်များနှင့် ကိုက်ညီသည့် ရေရှည်တည်တံ့သော ဖြေရှင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန် စစ်မှန်သော စိတ်ဆန္ဒနှင့် အားစိုက်ဆောင်ရွက်မှုရှိကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။ အာဆီယံနှင့် ဤအစုအဖွဲ့များကြား တွေ့ဆုံဆွေးနွေးမှုသည် နောက်ဖေးပေါက်မှ တွေ့ဆုံဆွေးနွေးမှုမျိုး သို့မဟုတ် အလွတ်သဘော အရန်အစည်းအဝေးမျိုး မဟုတ်ဘဲ ရေရှည်တည်တံ့သော တရားဝင် အဆင့်မြင့်သံတမန် တွေ့ဆုံဆွေးနွေးမှုမျိုး ဖြစ်ရမည်။ ဤသို့သော တရားဝင် ထိတွေ့ဆက်ဆံမှုမှတဆင့် တော်လှန်ရေး၏ နိုင်ငံရေးလမ်းပြမြေပုံဆိုင်ရာ မဟာဗျူဟာရေးဆွဲခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ပြုလုပ်နိုင်သည့် လုံခြုံမှုရှိသော နေရာများ ဖန်တီးပေးရမည်။ သို့မှသာ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးနှင့် စစ်အုပ်စုက ရစရာမရှိအောင် ဖျက်ဆီးခဲ့သော တိုင်းပြည်အား ပြန်လည်ထူထောင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
တတိယအနေဖြင့် မြန်မာနိုင်ငံအတွင်း အာဆီယံ၏ လူသားချင်းစာနာမှုဆိုင်ရာ ချဉ်းကပ်ပုံ နည်းလမ်းကို ချက်ချင်း အလုံးစုံ ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည်။ လက်ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre) မှတဆင့် အကူအညီပေးနေသည့်စနစ်သည် အကူအညီ အလိုအပ်ဆုံးနေရာများကို လက်လှမ်းမီအောင် ဆောင်ရွက်နိုင်ခြင်း မရှိချေ။ ပိုဆိုးသည်မှာ AHA စင်တာသည် စစ်အုပ်စု၏ အကျင့်ပျက်ခြစားမှုများ၊ အလွဲသုံးစားမှုများ၊ အကူအညီများကို ပိတ်ပင်တားဆီးသည့် လုပ်ရပ်များနှင့် လက်နက်အဖြစ် အသုံးချသည့် လုပ်ရပ်များကို စောင့်ကြည့်ခြင်း သို့မဟုတ် အစီရင်ခံနိုင်ခြင်း မရှိချေ။ ထို့ကြောင့် ထိုနည်းလမ်းအစား အာဆီယံသည် NUG နှင့် EROs နှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် မြေပြင်တုံ့ပြန်ဆောင်ရွက်သူများအား တိုက်ရိုက်ပံ့ပိုးခြင်း စသည့်နည်းလမ်းများကို အသုံးပြုရမည်။ သို့မှသာ အကူအညီပေးရေး လုပ်ငန်းများသည် ထိရောက်မှုနှင့် ကျင့်ဝတ်စံနှုန်းနှင့် ကိုက်ညီမှုရှိနိုင်မည် ဖြစ်သည်။
အရေးအကြီးဆုံးမှာ အာဆီယံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးကို အားပေးကူညီရန်နှင့် အာဆီယံဒေသတွင်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ခိုင်မာစေရန် အမှန်တကယ် လိုလားပါက လူထုကိုယ်တိုင်က ပိုင်ဆိုင်ပြီး လူထုကိုယ်တိုင်က ဦးဆောင်သော နိုင်ငံရေး အသွင်ပြောင်းလဲမှုဖြစ်စဉ်ကို မဖြစ်မနေ အားပေးထောက်ခံရမည်။ အာဆီယံသည် အုပ်စုလိုက် ရက်စက်သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများ ကျူးလွန်ထားသည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် အခြားသူများကို မျက်နှာသာပေးသည့် လမ်းစဉ်ကို စွန့်လွှတ်ရမည်။ ယုံကြည်မှု၊ စာနာမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှု တန်ဖိုးများ အဓိကပါဝင်သည့် မလေးရှား၏ မာဒါနီစံတန်ဖိုးများ (Madani values) သည် အာဆီယံက လက်ရှိ အရေးတကြီး လိုအပ်နေသော ကျင့်ဝတ်ပိုင်းဆိုင်ရာ လမ်းပြတခု ဖြစ်နိုင်သည်။ သို့သော် စံတန်ဖိုးများနှင့် စကားလုံးများသည် လုံလောက်မှုမရှိပါ။ ထပ်တူ လက်တွေ့ဆောင်ရွက်မှုများလည်း ပါဝင်ရန် လိုအပ်သည်။ လမ်းမှန်ပေါ်ပြန်ရောက်အောင် ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေချိန်တွင် အာဆီယံက ဆက်ပြီး အချိန်ဆွဲနေပါက ကြာလာသည်နှင့်မျှ စစ်အုပ်စု၏ အကြမ်းဖက်မှု လုပ်ငန်းများတွင် အာဆီယံ၏ ပါဝင်ပတ်သက်မှု ပိုမိုနက်ရှိုင်းလာပါလိမ့်မည်။ အာဆီယံသည် စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် ပြစ်ဒဏ်ကင်းလွတ်မှု သံသရာတွင် ကြံရာပါ ပါဝင်ပတ်သက်နေခြင်းကို ပိုမိုသက်ဆိုးရှည်စေလိုသလား သို့မဟုတ် နောက်ဆုံး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကာ ကျင့်ဝတ်သိက္ခာရှိစွာဖြင့် မြန်မာနိုင်ငံအကျပ်အတည်းကို ကူညီဖြေရှင်းသွားမည်လား ဟူသည်ကို ရွေးချယ်မှု ပြုလုပ်ရပါလိမ့်မည်။
အစိုးရများဟူ၍ အစမပြုထားဘဲ “ကျွန်ုပ်တို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများ” ဟု အစပြုထားသည့် အာဆီယံပဋိညာဉ်စာတမ်း အကြောင်းကို အာဆီယံအား မိမိတို့ ပြန်လည်သတိပေးရန် လိုအပ်ပါသည်။ မြန်မာပြည်သူများသည် ၎င်းတို့ အခွင့်အရေး ရှိသည့်အတိုင်း ၎င်းတို့၏ ဆန္ဒများကို ထုတ်ဖော်လာကြပြီ ဖြစ်သည်။ ၎င်းတို့၏ တောင်းဆိုမှုများကို အာဆီယံက အလေးအနက်ထား နားထောင်ပေးရမည်။ အာဆီယံ၏ ရွေးချယ်မှုကို မြန်မာပြည်သူများသာမက သမိုင်းတခုလုံးကလည်း မှတ်တမ်းတင် အဆုံးအဖြတ် ပေးသွားပါလိမ့်မည်။ မည်သို့သော သမိုင်းအမွေ ကျန်ခဲ့မည် ဆိုသည်မှာမူ မလေးရှား၏ ခေါင်းဆောင်မှုအပေါ်သာ အဓိက မူတည်ပါလိမ့်မည်။
ခင်ဥမ္မာ
(ဆောင်းပါးရှင်သည် မြန်မာလူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်သော ရှေ့ပြေးအသံ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။)